slideshow
ကောလိပ်နဲ့ ဦးဇင်းတို့နေတဲ့ ထိုင်းဘုန်းတော်ကြီးကျောင်းက နည်းနည်းလှမ်းပါတယ်။ လိုင်းကားရှိပေမယ့် စောင့်ရတာ တော်တော်ကြာတတ်ပါတယ်။ Nakhon Ratchasima မြို့ကနေ လာတဲ့ လိုင်းကားကို စောင့်စီးရတာကြောင့်ပါ။ ဘုန်းကြီးကျောင်းကနေ လိုင်းကားမှတ်တိုင် ရောက်အောင်ကလည်း ဆယ်မိနစ်လောက် လျှောက်ရပါသေးတယ်။ လိုင်းကားနဲ့က အချိန်တစ်နာရီလောက် ကြိုတင်ပြင်ဆင်နိုင်မှ တော်ကာကျပါတယ်။ တကယ်တမ်းတွက်ကြည့်တော့ ခြေလျှင်သွားတာနဲ့ လိုင်းကားနဲ့သွားတာဟာ အချိန်ပေးရတာချင်း အတူတူလောက်ပါပဲ။ ခြေလျှင်လျှောက်ရင် နာရီဝက်ကျော်ကျော်လောက် လျှောက်ရတယ်။ လိုင်းကားကမှ စောင့်ရတာကြာရင် ခြေလျှင်ထက် အချိန်ပိုကုန်ပါသေးတယ်။ အဲဒါကြောင့် မြန်မာပီပီ လမ်းလျှောက်ပြီးတော့လည်း စားရိတ်ခြွေတာရပါတယ်။ လိုင်းကားစောင့်စီးရင် အသွားငါးဘတ် အပြန်ငါးဘတ်၊ တစ်ခါတလေ ဆယ်ဘတ်၊ တစ်ခါတလေ အခမဲ့ပေါ့။ အခမဲ့ကတော့ ကြုံခဲလှပါတယ်။ ထိုင်းကလည်း စီးပွားရေးအပြိုင်အဆိုင်တွေ လုပ်နေတဲ့ နိုင်ငံဖြစ်နေတော့လို့ပါပဲ။ ရက်ရောမှုမှာလည်း မြန်မာကို ဘယ်လိုမှ မမီနိုင်တာ ပါပါတယ်။
အချိန်သိပ်မရတော့ဘူးဆိုရင် ဆိုက်ကယ်တက္ကစီ ခေါ်သွားရပါတယ်။ ဖုန်းဆက်လိုက်တာနဲ့ ရောက်လာမှာပါ။ ဈေးကလည်း ဘတ်သုံးဆယ်လေ။
ရောက်စတုန်းကတော့ ကောလိပ်က အကြိုအပို့လုပ်ပေးမှာလိုလို ပြောပါသေးတယ်။ နောက်တော့ သူတို့လဲ ခိုလို့ရသလောက် ခိုလိုက်တာ ဖြစ်မှာပါ။ တစ်နှစ်နီးပါး ဦးဇင်းတို့ လိုင်းကားစီးလိုက် ခြေလျှင်လျှောက်လိုက်နဲ့ ကျောင်းသွား ကျောင်းပြန်လုပ်ပါတယ်။ ထိုင်းမှာက နာရီဝက်ခရီးလောက်ကို ခြေလျှင်သွားတဲ့သူ မရှိသလောက်ပါပဲ။ ဦးဇင်း ဘုန်းကြီး ခြေလျှင်သွားတယ်ဆိုတာ ပိုပြီးတွေ့ခဲပါတယ်။ တခြားနေရာတွေတော့ မပြောတတ်ဘူးပေါ့။ နောက်ပြီး ပေါ်လွင်တဲ့အတွက် နည်းနည်းတော့ မျက်နှာပူစရာပါပဲ။ သင်္ကန်းအညိုပဲ ၀တ်သွားတတ်တဲ့ ဦးဇင်းအတွက်တော့ တွေးမယ်ဆို ပိုပြီး မျက်နှာပူရမှာပါ။ မြန်မာဦးဇင်းလေးပါလို့ ဆိုင်းဘုတ်ချိတ်သွားသလို ဖြစ်နေလို့ပါ။
ဦးဇင်းတို့တော့ စာမေးပွဲနားနီးချိန်မှသာ အချိန်မပေးနိုင်တော့လို့ ဆိုက်ကယ်ငှားစီးခဲ့ပါတယ်။ တစ်နှစ်ခွဲမြောက် နောက်ဆုံးခြောက်လပတ် (Third Semester) မှာတော့ သင်တန်းချိန်က တစ်ပတ်မှ နှစ်ရက်တည်းမို့ ဆိုက်ကယ်နဲ့ပဲ ကျောင်းတက်ပါတယ်။ Independent Study ကို ကိုယ့်နေရာမှာပဲ ရေးနိုင်သွားလို့ တစ်ဘာသာ သက်သာသွားတာကြောင့်ပါ။ ကိုယ်က ပိုင်နိုင်လို့ Thesis လုပ်မယ်ဆိုရင်တော့ ပရော်ဖက်ဆာနဲ့ ဆွေးနွေးအကြံယူတဲ့အခါမှသာ ကျောင်းသွားစရာလိုတော့တာပါ။