#navbar { display: none; } or: #navbar-iframe { display: none !important; }

Thursday, 18 October 2012

ဒင်းကြောင့်တော့ အိုးမကွဲစေချင်

အိုးမဖုတ်ခင် အိုးလုပ်စဉ်ဝယ်
အိုးတွင်ခပ်နှိပ် တံဆိပ်မှတ်ကား
မပြတ်မစဲ အိုးပင်ကွဲလည်း
အမြဲတစေ တည်ရှိနေသို့
ထိုထိုသွေးသား ကလေးများ၌
ဘုရားတံဆိပ် ဘာသာစိတ်ကို
ခပ်နှိပ်နိုင်မှ သက်ဆုံးကျအောင်

ဗုဒ္ဓ၀ါဒီ စွဲ၍တည်မည်
ကိုယ်စီခပ်နှိပ်စေသတည်း။
[အိုးတွင်နှိပ်ခပ်၊ တံဆိပ်မှတ်ကား...ထွေထွေသွေးသား
(ဗုဒ္ဓဘာသာသင်ခန်းစာ နှာ-၅)]
 

မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး၏ လင်္ကာလေးကို ငယ်ငယ်က ကျက်မှတ်ခဲ့ဖူးသည်။ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့ ကျွန်ုပ်တို့ ဘာလုပ်ရမည်ဆိုသည်ကို ဆရာတော်က ညွှန်ပြပေးခဲ့သည်။ အိုးများမီးမဖုတ်ခင် ကိုယ်လိုသလို ပုံပန်းစာများ ရေးထိုးထားလျှင် မီးဖုတ်ပြီးနောက် ကွဲကြေသွားသော်တောင်မှ ထိုပုံပန်းစာများ ပျက်စီးမသွားနိုင်သလို ကလေးများ အရွယ်မရောက်မီ ငယ်ရွယ်စဉ်အခါတည်းက ဗုဒ္ဓဘာသာတံဆိပ်ကို ခပ်နှိပ်ပေးထားလျှင် လူလားမြောက်၍ အရွယ်ရောက်သည်မှ ခန္ဓာပျက်ကြွေ သဆုံးသည့်တိုင် ဘာသာရေးအသိ ဘာသာရေးစိတ်ဓာတ် ခိုင်မာစွာ ရှိနေနိုင်သည်ကို ဖော်ကျူးထားခြင်းဖြစ်သည်။

ကျွနုပ်တို့ ငယ်စဉ် (၁၉၈၀ ကျော်)က နွေရာသီကျောင်းပိတ်ရက်များတွင် ရပ်ရွာဘုန်းတော်ကြီးကျောင်းများ၌ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများ ဖွင့်လှစ်သင်ကြားကြသည်။ မြို့ပြများတွင်လည်း အချို့သော ဘုန်းတော်ကြီးကျောင်းများ၌ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများ ဖွင့်လှစ်သင်ကြားကြသည်။ (၁၉၉၀)နှင့် နောက်ပိုင်းတွင် ကျေးလက်တောရွာအတော်များများ၌ ယဉ်ကျေးမှုသင်တန်းများ မှေးမှိန်နေခဲ့သည်။ မြို့ပြများတွင်လည်း တက်ရောက်သူ ကလေးလူငယ်ဦးရေ နည်းလာခဲ့သည်။ အတန်းကျောင်းပညာရေးဘက်တွင်သာ အလေးပေးလာခဲ့သဖြင့် ကျူရှင်များ ကလေးထိန်းကျောင်းများ ရေပန်းစားလာခဲ့ခြင်းကြောင့် ဖြစ်မည်ထင်သည်။ ဆယ်စုနှစ်အလွန် (၂၀၁၀)လောက်တွင် ကလေးလူငယ်များ ဘာသာရေးကို ပြန်လည်အလေးထားလာပြန်သည်။ လောဘ ဒေါသ မောဟမီးများ တဟုန်းဟုန်း တောက်လောင်ပြီး ကမ္ဘာလောကကြီး ပူနွေးလာသည့်အတွက် ဖြစ်မည်။ လူကြီးမိဘများကိုယ်တိုင်ပင် ဘာသာရေးအသိဖြင့် စိတ်ငြိမ်းချမ်းမှု ရယူနိုင်သည်ကို သတိမူလာခဲ့ကြသည်။ ဘာသာရေးကပေးသော အလေ့အကျင့်များဖြင့် လာကဇာတ်ခုံပေါ်မှာ ချွးယိုစီးမှုနှုန်းကို လျှော့ချနိုင်ကြောင်း ကိုယ်တိုင်ကိုယ်ကျ တွေ့ရှိလာကြသည်။ ယဉ်ကျေးမှုသင်တန်းသည် ကလေးတစ်ယောက်အတွက် တက်ရောက်သင်ယူစဉ်အခါက အရေးမပါလှဟု ထင်ရသော်လည်း အရွယ်ကြီးရင့်လာသောအခါ သိသိသာသာအကျိုးထူးရှိကြောင်း သိရပေမည်။

ကိုးကွယ်မှုဆိုင်ရာ မည်သည့်ဘာသာတိုင်း၌ ဘာသာရေးအသိအမြင်ရှိသူနှင့် ဘာသာရေးအသိအမြင်မရှိသူ လူဝင်ဆံ့မှုခြင်း ကွာခြားသည်။ လူဝင်ဆံ့မှုစွမ်းရည် တူနေလျှင်သော်မှ လူတောတိုးစွမ်းရည် မတူညီနိုင်။ ဘာသာရေးအသိအမြင်ရှိသူသည် သူ့မှာ အားကိုးရှိသည်ဟု ယုံကြည်ထားသည်။ သို့အတွက် လူပုံအလယ်တွင် ဖြစ်စေ ရဲဝံ့သည်။ ပြတ်ပြတ်သားသား ပြောဆိုလုပ်ကိုင်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် လုပ်လျှင် လုပ်သလောက် ဖြစ်မြောက်သည်။ ကံ ဥာဏ် ၀ိရိယ အစွမ်းရှိသလောက် ထွန်းပေါက်အောင်မြင်သည်။ ဘာသာရေးအသိအမြင်မရှိသူသည် သူ့တွင် တစ်ခုခုလိုအပ်နေသည်ဟု ခံစားနေရသည်။ ရာထူး အာဏာ ပညာ စည်းစိမ် ဂုဏ်အရှိန်များ မည်မျှမြင့်မောက်နေသော်လည်း လူပုံအလယ်မှာ မ၀ံ့မရဲသာ ဖြစ်ရတတ်သည်။ အပြုအမူ အပြောအဆိုများ ပြတ်သားမှုအားနည်းတတ်သည်။ သို့အတွက် မည်မျှကြိုးစားသော်လည်း လူအများ၏ ယုံကြည်မှုကို အပြည့်အ၀ မရရှိနိုင်။ ကံ ဥာဏ် ၀ိရိယ စွမ်းအားများ၏ အသီးအပွင့်များသည်လည်း အပြည့်အ၀ မချိုမြ မလှပနိုင်တော့။ လူသားတစ်ယောက်၏ ဘ၀သက်တာ သာယာငြိမ်းချမ်းရေးကို ဘာသာရေးအသိအမြင်ဖြင့်သာ ရယူခံစားနိုင်သည်။ လောကအငွေ့အသက်များနှင့်အတူ ပူလောင်အိုက်ပြုတ်နေသော စိတ်ကျပ်တည်းမှုဒဏ်ကို လျော့ကျသွားစေရန် ဘာသာရေးလေပြည်အေးကသာ ဖေးမကူညီနိုင်ပေသည်။

ဗုဒ္ဓဘာသာဝင်များအတွက်ဆိုလျှင် ဘာသာအသိဥာဏ် ရရန်အတွက်ပင် အခြေခံရှိထားဖို့ လိုအပ်နေသေးသည်။ ယင်းမှာ အခြေခံ
ဗုဒ္ဓဘာသာယဉ်ကျေးမှုပင် ဖြစ်သည်။ ဘာသာတရားက ဆုံးမသော ယဉ်ကျေးမှုသဘောတရား အခြေခံရှိထားမှ ဘာသာရေးအသိအမြင်ကို ဆက်လက်ရရှိနိုင်သည်။ ဥပမာသာဓက အနည်းငယ်ထုတ်ပြရလျှင် ငယ်စဉ်အခါက

“သော ဘဂ၀ါ ဣတိပိ အရဟံ = ဆိတ်ကွယ်ရာ၌ မကောင်းမှုကို မပြု ဖြစ်မှုကြိမ်ဖန် အတန်တန်လည်စေတတ်သော သံသရာစက်၏ အကန့်အကွက်တို့ကို ချိုးဖဲ့ဖျက်ဆီးတော်မူတတ် လူနတ်ဗြဟ္မာ သတ္တ၀ါအရပ်ရပ် မြတ်ထက်မြတ်တို့ ဆည်းကပ်ကော်ရော် ညွတ်ပူဇော်အပ် မြတ်သောအလှူကို ခံတော်မူတတ် ဤသို့သောဂုဏ်သကတ်ကြောင့် အရဟံ(အရဟ)မည်တော်မူ၏။

သော ဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ = သစ္စာလေးတန် တရားမှန်ကို မဖောက်မပြန် မှန်ကန်စွာ ကိုယ်တော်တိုင်သိတော်မူတတ် ဤသို့သောဂုဏ်သကတ်ကြောင့် သမ္မာသမ္ဗုဒ္ဓေါ (သမ္မာသမ္ဗုဒ္ဓ)မည်တော်မူ၏။” စသည်ဖြင့် ယဉ်ကျေးမှုစာပေအချို့ကို ကျက်မှတ်ခဲ့ရသည်။ ယဉ်ကျေးမှုစာ ဘယ်လောက်ရသည်ဟု ပြောစရာစကားရ၍ ကျေနပ်ရုံမျှသာ၊ နားလည်တွေးမြင်နိုင်စွမ်းမရှိသေးသည့် ကလေးပီပီ တခြားဘာသာတရားဆိုင်ရာ ဘာအသိ ဘာခံစားမှုမျှ မရှိ။ သို့သော် အရွယ်လေးရလာချိန်တွင် ငယ်ငယ်ကရခဲ့သော စာပေလေးများကို အသံထွက်ကြည့်ကာ အရသာတွေ့ရတတ်သည်


 “အော် ... ဒို့ကျက်ခဲ့ရတဲ့အထဲက ဒါလေးတွေက မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ပြောတာပါလား၊ မြတ်စွာဘုရားရှင်ဟာ မမြင်ကွယ်ရာမှာတောင် မကောင်းတာ မလုပ်ဘူး၊ ငါတို့လဲ အဲဒီလိုနေနိုင်ရင် ကောင်းမှာပဲ၊ မြတ်စွာဘုရားရှင်ဟာ ငါတို့တတွေ ကြုံတွေ့နေရတဲ့ လောကရဲ့ ဆင်းရဲပူပန်မှုတွေကို သိပြီး ၀လောက သံသရာကြီးထဲက ထွက်မြောက်နိုင်အောင် ကြိုးစားသွားခဲ့တာပဲ၊ အဲဒါကြောင့်လဲ အားလုံးက ပူဇော်ကြလို့ အရဟံ(အရဟ)ဂုဏ်ရှင်လို့ စာတင်လောက်အောင် ကျော်ဇောတာပါပကောလား”
 

“အော် …ဆင်းရဲဒုက္ခ ၊ လိုချင်တပ်မက်မှု လောဘ၊ ဆင်းရဲကင်းတဲ့နိဗ္ဗာန်၊ နိဗ္ဗာန်ဓာတ်သဘောကို ရနိုင်တဲ့နည်းလည်း… အဲဒီသဘာဝအမှန်တရား သစ္စာလေးပါး လောကကြီးမှာ ရှိနေတာကို မြတ်စွာဘုရားရှင် သိမြင်အောင် ကြိုးစားနိုင်ခဲ့တာပါလား။ လိုချင်တပ်မက်မှု လောဘသဘောတရားက ဆင်းရဲမှုတွေ ပေးတတ်တာ၊ ဆင်းရဲကင်းတဲ့ နိဗ္ဗာန်ဆိုတဲ့သဘောတရားကို မဂ္ဂင်ရှစ်ပါး အကျင့်တရားကိုကျင့်ရင် ရနိုင်တာပဲ အော် ငါတို့ဆရာ မြတ်စွာဘုရားရှင်ဟာ ဒီသဘောတရားကို သိမြင်ခဲ့လို့သာ သမ္မာသမ္ဗုဒ္ဓေါ (သမ္မာသမ္ဗုဒ္ဓ)ဂုဏ်ပုဒ်နဲ့ ကျော်ကြားခဲ့တာပါကောလား” စသည်ဖြင့် စာအဓိပ္ပါယ်ကို ဘ၀အမြင်များနှင့် နှိုင်းချိန်တွေးသိလာပါမှ ဘာသာရေးအသိအမြင်ရှိလာသည်ဟု ဆိုနိုင်သည်။

ထိုကဲ့သို့ ဘာသာရေးအသိအမြင်ရှိလာသူသည် ဘာသာတရားက သင်ပြပေးသော အဆုံးအမများကို စွမ်းနိုင်သမျှ လိုက်နာကျင့်သုံးသွားပေမည်။ အလေ့အကျင့်ဖြင့် အဆင့်ဆင့် ကြိုးစားလိုက်နာကျင့်သုံးလိမ့်မည်။ အသိအမြင်ရပြီးနောက် လက်တွေ့ကျကျ ကျင့်သုံးမှသာ ဘာသာတရားတစ်ခု၏ အနှစ်သာရအစစ်ကို တွေ့နိုင်သိနိုင်သည်။ အနှစ်သာရကိုသိပါမှ ကောင်းမကောင်း ဆုံးဖြတ်နိုင်သည်။ ကောင်းမှန်းသိပါမှ ဆက်လက်ကျင့်သုံးချင်မည်။ ဆက်လက်ကျင့်သုံးခြင်းဖြင့် ပန်းတိုင်သို့ ရောက်နိုင်သည်။ ဘာသာတရားတစ်ခု၏ ပန်းတိုင်ကို ဤနည်းအတိုင်း အရောက်လှမ်းရသည်။ သို့ဆိုလျှင် ဘာသာတရားတစ်ခု၏ အခြေခံယဉ်ကျေးမှုသည် ယင်းဘာသာတရား၏ အနှစ်သာရကို သိရှိခံစားနိုင်ရုံမျှမက ပန်းတိုင်သို့ပင် ပို့တင်နိုင်တော့သည်။ ပန်းတိုင်သို့ပင် ပို့တင်နိုင်သော ဘာသာတရား၏ အခြေခံယဉ်ကျေးမှုကို အရွယ်မတိုင်မီ ခပ်နှိပ်ထားနိုင်မှ တော်ကာကျပေမည်။ အိုးဖြစ်ပြီးခါမှ တံဆိပ်ခပ်နှိပ်လျှင် မလှပနိုင်တော့ပြီ။ ထို့ပြင် အချို့သော နည်းလမ်းမကျသည့် ခပ်နှိပ်မှုမျိုး ခံရပါက ထိခိုက်နာကျင်ရမည်။ မိုးလိုက်ရွာလျှင် ယင်းနည်းလမ်းမကျသော ခပ်နှိပ်မှုကြောင့် ကွဲကြေရပေလိမ့်မည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မိမိတို့၏ ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးမှုကို ဦးစွာသင်ယူသင့်ပါသည်။ သင်ယူပြီးသောအခါ နားလည်သဘောပေါက်အောင် လေ့လာပြီး 
ဗုဒ္ဓ၏ အဆုံးအမများကို ကိုယ်တိုင်ကျင့်သုံးကြည့်သင့်ကြောင်း တင်ပြတိုက်တွန်းလိုက်မိပါသည်။

မောင်ပဉ္စင်း