ဒါနဲ့များ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သတဲ့။
အလကား မင်း။
အသုံးမကျတဲ့ မင်း။
တိုင်းပြည်အုပ်ချုပ်တယ်မပြောနဲ့ အိမ်စောင့်ဖော်ကို မရဘူး။
တိုင်းပြည်ကို မအုပ်ချုပ်တတ်ဘဲ အုပ်ချုပ်တယ်။
ပြည်သူတွေက ချစ်ဖို့နေနေသာသာ အိမ်လူတွေကပင် မနှစ်မြို့ချင်ဘူး။
အဂတိလိုက်စားပြီး မတရားအုပ်ချုပ်တယ်။
အခွန်တွေ မတရားကောက်ပြီး လူတွေကို နှိပ်စက်တယ်။
ရက်စက်ကြမ်းကြုတ် ဖိနှိပ်ချုပ်ချယ်ပြီး လူတွေကို အနိုင်ကျင့်တယ်။
လူတွေကို နည်းနည်းလေးမှ မသနားဘူး။
မျက်စိထဲဝင်တဲ့ အမှိုက်လိုပဲ ကြည့်မရဘူး။ ထမင်းထဲပါတဲ့ ကျောက်ခဲလိုလည်း
လူတွေကို စိတ်တိုအောင်လုပ်တယ်။ ခြေဖနောင့်စူးတဲ့ ဆူးလိုလည်း အနာဂတ်လမ်းခရီး မဖြောင့်ဖြူးအောင် ဟန့်တားတယ်။
အလကား မင်း။
အသုံးမကျတဲ့ မင်း။
အဲဒီမင်းရဲ့ နာမည်က “မဟာပိင်္ဂလ”တဲ့။
သူသေသွားတော့ ဗာရာဏသီပြည်သူပြည်သားတွေ သိပ်ပျော်ကြတယ်။
ပြန်မလာနိုင်အောင် လုပ်ရိုးလုပ်စဉ်ဖြစ်တဲ့ ထင်တစ်ထောင်နဲ့ မီးရှို့ပြီး
ရေအိုးတစ်ထောင်နဲ့ လောင်းကြတယ်။ နောက်ပြီး သင်္ချိုင်းမြေကိုပါ လှန်ပစ်လိုက်ကြတယ်။
သားတော်ကို မင်းအဖြစ် တင်မြှောက်တဲ့နေ့မှာ ပြည်သူပြည်သားတွေခမျာ
ပျော်လို့ရွှင်လို့။ ဗာရာဏသီတစ်မြို့ပေါ်မှာဆို ပျော်ပွဲရွှင်ပွဲတွေနဲ့ မြို့လုံးကျွတ်
အောင်ပွဲခံကြတယ်။ အလံတွေလွှင့် ပန်းတွေကြဲနဲ့ ကြက်ပျံမကျအောင်ပဲ စည်ကားလှတဲ့ ဘိသိက်ခံပွဲ။
ဒါပေမဲ့လည်း တစ်ယောက်သောသူကတော့ တစ်နေရာသွားပြီး တရှုတ်ရှုတ်နဲ့ ငိုနေလေရဲ့။ သူက နန်းတော်ဆောင်တံခါးစောင့်။
ဒါကို အသစ်စက်စက် မင်းတရားက မြင်သွားပါလေရော့။
“အလို တံခါးစောင့် မောင်မင်းက
ဘာ့ကြောင့် ဒီမှာလာပြီး ငိုကြွေးနေတာလဲ”
“ပိင်္ဂလမင်းကြီးကို သတိရလို့ပါ အရှင်”
“အော် တစ်တိုင်းပြည်လုံး ပျော်ရွှင်နေတဲ့အချိန်မှာတောင် သေသူကိုသတိတရနဲ့
ငိုကြွေးနေတယ်ဆိုတော့ မောင်မင်းက ဒို့ဖခင် ဘုရင်မင်းကြီးကို သိပ်ချစ်တာပဲပေါ့ ဟုတ်လား”
“ဒီလိုပါ အရှင့်သား၊ အရှင့်ရဲ့ ဖခမည်းတော်မင်းကြီးဟာ ဒီနန်းဆောင်ကြီးက
ထွက်ရင်လည်း ကျွန်တော့်ခေါင်းကို ရှစ်ချက်နှက်ပြီးမှ ထွက်တယ်၊ နန်းဆောင်ပေါ်တက်မယ်ဆိုရင်လည်း
ရှစ်ချက်နှက်ပြီးမှ တက်ပါတယ်၊ အခုဆို ကျွန်တော်မျိုးကို အဲ့လိုခေါင်းနှက်မယ့်သူ မရှိတော့ပါဘူး
အရှင်။ သက်သာသွားပြီဆိုပေမယ့် တကယ်လို့များ ငရဲရောက်သွားတဲ့ သူက ငရဲပြည်မှာ အဲဒီလိုသာ
ဆက်လုပ်မယ်ဆိုရင် သူ့ကို လူ့ပြည်ပြန်ပို့ကြမှာ၊ သူသာ ပြန်လာရင် အရိုက်အနှက် ခံရအုံးမှာပဲလို့
တွေးပူပြီး ငိုနေမိတာပါ အရှင်”
အဲ့ဒီအခါ ကရုဏာရှင် ဘုရင်အသစ်လည်း သူ့ဖခင်ဘုရင်ကြီး ပြန်မလာနိုင်တော့တဲ့အကြောင်း
ခေါင်းလေးကိုပွတ်သပ်ပြီး ချော့မော့နှစ်သိမ့် အားပေးလိုက်ရပါတော့တယ်။ ငိုရင်းကျန်ရစ်ခဲ့သူ
လက်ကျန်တစ်ဦးရဲ့ ခေါင်းကိုပွတ်ပြီး ချော့ခြင်းကြီး ချော့ခဲ့ရတဲ့ ငါးရာ့ငါးဆယ်လာ မဟာပိင်္ဂလဇာတ်သွားလေးပါ။
ဘယ်နေရာမှာပဲဖြစ်ဖြစ် မဟာပိင်္ဂလလို ခေါင်းဆောင်မစစ်တဲ့သူကို အောက်လက်ငယ်သားတွေက မနှစ်သက်ကြတာ အမှန်ပါ။ သေသွားရင်သော်မှ ပြန်လာမှာတွေးကြောက်ရတဲ့ အဖြစ်မျိုးနဲ့ နောက်လိုက်တွေကို ချန်ရစ်ထားခဲ့တာဟာလည်း ဆိုးရွားလှတဲ့ ခေါင်းဆောင်မှုပဲ ဖြစ်ခဲ့မှာပါ။ ဒါကြောင့် ခေါင်းဆောင်လုပ်ပြီဆိုရင် မဟာပိင်္ဂလရဲ့ လက်သုံးဝါဒ အဓမ္မအကျင့်စရိုက်မျိုးတွေကို ရှောင်ရပါမယ်။ ခေါင်းဆောင်တစ်ယောက်ဟာ တရားနည်းလမ်းကျတဲ့ ၀ါဒနဲ့အကျင့်ကို စွဲကိုင်ကျင့်သုံးဖို့လိုတာမို့ မြတ်စွာဘုရားရှုင်ရဲ့ အတိတ်နဲ့ပစ္စုပ္ပန် ဆောင်ရွက်ချက်တွေကိုလည်း လေ့လာသင့်တယ်လို့ ခံစားမိပါတယ်။

ခေါင်းဆောင်ကောင်းဖြစ်အောင် ကြိုးစားနိုင်ကြပါစေ။
Arlawkarnanda Monk
No comments:
Post a Comment