မိခင်ဖခင်တို့သည် သားသမီးတို့အား ချစ်မြတ်နိုးကြ၏။
သားသမီးအတွက် ကြောင့်ကြစိုက်ကြ၏။
သားသမီးတို့ ရင်ထဲတွင် ဂုဏ်ထူးဆောင်အမေ၊ ဂုဏ်ထူးဆောင်အဖေ အဖြစ် ရပ်တည်လိုကြ၏။ အမေတို့သည် စံပြမိခင် ဖြစ်ချင်ကြ၏။ အဖေတို့သည် စံပြဖခင် ဖြစ်ချင်ကြ၏။
သည်အတွက် မိဘတာဝန် ကျေပွန်အောင် ကြိုးစားကြသည်။
သားသမီးများကို မျက်စိအောက်က အပျောက်မခံဘဲ စောက်ရှောက်ပေးကြသည်။
သားသမီးများ၏ ကိုယ်စိတ်နှစ်ပါး ချမ်းသာပွားရေးကို အလေးဂရုပြုကြသည်။
သူတို့အတွက် စားရေးသောက်ရေး နေရေးထိုင်ရေး ပညာရေးတွေအတွက် အလုံအလောက် ထောက်ပံ့ပေးနိုင်ဖို့ရန် နေ့စဉ်ပုံမှန် ရုန်းကန်လှုပ်ရှားကြရသည်။ မိဘတို့ မေတ္တာဓာတ်ကား ကြီးမြတ်လှပါ၏။ အလားတူပင် တစ်ဖက်တွင်လည်း သားသမီးကိုစွန့်ပစ်တတ်ကြသည့် မိဘအချို့ ရှိ၏။ ပြုစုလုပ်ကျွေးဖို့ရန် တာဝန်မယူနိုင်သည့်အတွက်လည်း ဖြစ်နိုင်၏။ အရှက်ရစရာဟု အထင်ရောက်သော ကိစ္စရပ်နှင့် ရင်ဆိုင်ရသည့်အတွက်လည်း ဖြစ်နိုင်၏။ အတ္တဆန်လွန်းသောကြောင့်လည်း ဖြစ်နိုင်၏။ မေတ္တာဓာတ် အားနည်းသောကြောင့်လည်း ဖြစ်နိုင်၏။ အကြောင်းအမျိုးမျိုး ရှိပေလိမ့်မည်။ အကြောင်းမည်သို့ပြပါစေ သားသမီးကို စွန့်ပစ်ထားသူအား အများက မကြိုက်ချင်။ အပြစ်တင်ကြမြဲ ကဲ့ရဲ့ရှုတ်ချကြမြဲ ဖြစ်သည်။
အံ့သြဖွယ်ကောင်းသည်။ အံ့သြမိသည်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို “တာဝန်မဲ့သော အမေ” ဟု ပြည်သူထဲက ကဲ့ရဲ့ရှုတ်ချသံ မကြားရဖူးသေး။ သားလေးတွေကို ပစ်ထားခဲ့ရတာ ပြည်သူတွေ သိသည်။ မိသားစုကို စွန့်ခဲ့ရတာ ပြည်သူတွေသိသည်။ ပစ်ထားခဲ့တာ မဟုတ်၊ ပစ်ထားခဲ့ရတာဟုလည်း သိသည်။ စွန့်ခဲ့တာ မဟုတ်၊ စွန့်ခဲ့ရတာဟုလည်း သိပါသည်။ “ပစ်ခဲ့သည်၊ စွန့်ခဲ့သည်” ဆိုသော်တောင်မှ အပြစ်မြင်ကြမည် မဟုတ်။ ပါတီတူသူများက “ပြည်သူအတွက် အလုပ်လုပ်နေသည်”ဟု သိကြ၏။ ပါတီမတူသူများက “အများအတွက် အလုပ်လုပ်နေသူ”ဟု သိထား၏။ မည်သို့ပင်သိစေတော့ “စွန့်ဖို့လိုအပ်လို့ စွန့်ခဲ့ရတာ”ဟု အားလုံးက အသိအမှတ်ပြုထားကြသည့်အတွက် “တာဝန်မဲ့မိခင်” စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်ခဲ့ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကရော သူ့ကိုယ်သူ “ကျွန်မ တာဝန်မဲ့ရာ ကျခဲ့ပါတယ်” ဟု ပြောခဲ့ဖူးပါသလား။ သားတွေကိုရော “သားတို့ရေ အမေ့ကို ခွင့်လွှတ်ပါ၊ အမေ သားတို့အပေါ် တာဝန်မဲ့ရာ ကျခဲ့ပါတယ်၊ အမေ့ကို နားလည်ပေးပါ” ဟု တောင်းပန်လိမ့်မည် ထင်ပါသလား။ မထင်ပါ။ မကြားဖူးပါ။ မိသားစုကို ထားခဲ့ရတာနဲ့ ပတ်သက်ပြီး ပြောထားတာလေးတော့ ရှိပါသည်။
“ကျွန်မစွန့်လွှတ် အနစ်နာခံခဲ့တာတွေကို ကျွန်မ မတွက်ပါဘူးဆိုတာ နားကြားပြင်းကတ်လောက်အောင် ထပ်တလဲလဲကို ကျွန်မပြောထားပြီးပါပြီ။ ဒါ ကျွန်မရွေးချယ်ခဲ့တဲ့ လမ်းပါ။ ကျွန်မခင်ပွန်းနဲ့ သားတွေကို စွန့်လွှတ်ခဲ့ပါတယ်။ အထူးသဖြင့်ကတော့ ကျွန်မသားတွေပေါ့။ ဘာလို့လဲဆိုတော့ ကျွန်မခင်ပွန်းကတော့ လူကြီးဖြစ်ပေမယ့် ကလေးတွေကတော့ ငယ်ကြပါသေးတယ်။ သူတို့နားမှာ မိဘနှစ်ပါးစလုံး မရှိခဲ့တာဟာ အရေးကြီးလှပါတယ်။ ဒါပေမယ့် အခြားတစ်ဖက်ကလည်း မဖြစ်မနေ ဦးစားပေးစရာဖြစ်နေလို့ ရွေးပြီး ဆုံးဖြတ်ရတာပါ။”
အံ့သြဖွယ်ကောင်းသည်။ အံ့သြမိသည်။

ဒေါ်အောင်ဆန်းစုကြည်
ဗြိတိန်နိုင်ငံ၊ အိုင်တီဗွီရုပ်သံနှင့် တွေ့ဆုံရာ၌ ပြောကြားချက်
ဗြိတိန်နိုင်ငံ၊ အိုင်တီဗွီရုပ်သံနှင့် တွေ့ဆုံရာ၌ ပြောကြားချက်
အံ့သြဖွယ်ကောင်းသည်။ အံ့သြမိသည်။
“အလောင်းတော်မင်းသား သားနဲ့မယားကို စွန့်သွားတာ တာဝန်မဲ့ရာ မကျဘူးလား?” … ကမ္ဘာတစ်လွှားမှာ သည်မေးခွန်း ခေတ်စားသည်။ သိသိနှင့် မေးကြ၏။ ဘုရားရှင်ကို မေတ္တာမရှိသူ လူမိုက်ကြီးအဖြစ် စွပ်စွဲချင်ကြသည်။ အကြင်နာကင်းမဲ့သူကြီးအဖြစ် အပြစ်တင်ချင်ကြသည်။ လူသားမဆန်သူကြီးအဖြစ် ရစ်ချင်ကြသည်။ ထိုမေးခွန်းအတွက် ကမ္ဘာတစ်လွှားကို ပေးထားခဲ့ဖူးသော အဖြေလေး ရှိပါသည်။
“မိသားစုကို စွန့်ဖို့အတွက် အချိန်ယူ စဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချခဲ့ရမှာပါ။ မိသားစုကို နှုတ်ဆက်ခွဲခွာခဲ့ဖို့ဆိုတာ မဟာလူသား ဘုရားရှင် အတွက်တောင် လွယ်ကူမယ့်အရာ မဖြစ်နိုင်ပါဘူး။ သူ့ဘ၀ကို မိသားစုတစ်ခုအတွက်ပဲ ပေးဆပ်မလား၊ ဒါမှမဟုတ် ကမ္ဘာလောကသား အားလုံးအတွက် ပေးဆပ်မလား အဲဒီနှစ်ခုထဲက တစ်ခုကို ရွေးချယ်ခဲ့ရမှာပါ။ နောက်ဆုံး ဘ၀တစ်ခုလုံးကို ကမ္ဘာလောကကြီးအတွက် ပေးဆပ်ခဲ့ပါတယ်။ အဲဒါဟာ ဘုရားရှင်ရဲ့ ကြီးမြတ်တဲ့ မဟာကရုဏာဓာတ်ကို ပေါ်လွင်စေခဲ့တာပါပဲ။ လောကသားတွေးလည်းပဲ အဲဒီ သူ့ရဲ့ စွန့်လွှတ်အနစ်နာခံမှု ပေးဆပ်မှုတွေရဲ့ အသီးအပွင့်ကို ခုထိ ခံစားနိုင်ဆဲပါ။ ဒါကြောင့် ဘုရားရှင် မိသားစုကို ကျောခိုင်းခဲ့တာဟာ တာဝန်မဲ့ခြင်းမျိုး မဟုတ်ပါဘူး။ တာဝန်မဲ့ရာ မကျပါဘူး။ ပြုနိုင်ခဲတဲ့ ‘မဖြစ်မနေဦးစားပေးရမယ့် အရေးအပါဆုံးသော စွန့်လွှတ်အနစ်နာခံခြင်းတစ်ရပ်’ အနေနဲ့ ပေးဆပ်စရာရှိနေတဲ့အတွက် မိသားစုကိုခွဲခွာထားခဲ့ဖို့ ဆုံးဖြတ်ချက်ချခဲ့ရတာပါ။”
ဆန္နအမတ် မြင်းထုတ်သွားနေတုန်းမှာ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားဟာ ယသောဓရာရဲ့ အိပ်ခန်းကို လှမ်းကြွသွားခဲ့သေးသည်။ ကြင်ယာသက်ထား မိဖုရားယသောဓရာကို ကြည့်လို၍ မဟုတ်။ သားတော်လေးရာဟုလာကို ကြည့်လိုစိတ်ကြောင့် ကြွသွားခဲ့ခြင်းသာ။ တံခါးဝမှာ ခြေတော်ကိုချ ခန်းဆီးစကို အသာမပြီး ကြည့်နေခဲ့သည်။ ပန်းခင်းသော အိပ်ရာထက်မှာ မှေးစက်နေတဲ့ ကြင်ယာတော် ယသောဓရာ … သားတော်လေးရဲ့နဖူးပေါ်မှာ မိခင်အကြင်နာ အငွေ့အသက်ပါတဲ့ လက်ကလေး မှေးတင်လို့။ ကြည့်နေရင်းမှာပဲ မင်းသားရင်ထဲကို အလိုတစ်ခုက ပြေးဝင်လာပြန်၏။ သားတော်လေးကို ပွေ့ချီလိုတဲ့ ဆန္ဒလေး။ အလောင်းတော်မင်းသား စိတ်နောက်ကိုယ်မပါသွားအောင် ထိန်းခဲ့ရသည်။ သည်တစ်ချီ မထိန်းနိုင်လျှင် လောကဘုံတစ်ခွင် အမှောင်ကင်းစင်ရေး စီမံကိန်းကြီး ပျက်စီးသွားပေတော့မည်ဟူသော အသိနှင့်။ ထိုအချိန်တွင် အလောင်းတော်မင်းသား ထိန်းမထားနိုင်ခဲ့သည်ကား “စိတ်”။ ယသောဓရာရဲ့ လက်ကို စိတ်နှင့် မ၍ဖယ်ကြည့်၏၊ ယသောဓရာ နိုးသွားသည်။ သည်အခိုက် တစ်ချက်စဉ်းစားလိုက်သည်က “ငါ မိရာရဲ့လက်ကို ဖယ်ပြီး သားတော်လေးကို ပွေ့ချီမယ်ဆိုရင် မိရာနိုးလာမှာ၊ မိရာနိုးလာရင် ငါ တောထွက်မယ့် အစီအစဉ် ပျက်သွားမှာ၊ အင်း…ရှိပါစေတော့၊ ငါ သားတော်လေးကို အခု မကြည့်သေးပါဘူး၊ ဘုရားဖြစ်ပြီးမှပဲ လာကြည့်ပါတော့မယ်လေ”။ အဲဒီနောက် ခန်းဆီးစကို ထိန်းထားတဲ့ လက်ကိုသိမ်းပြီး လှည့်ထွက်ခဲ့ပုံလေးမှာ ကျွန်ုပ်တို့အဖို့ ရင်နင့်ကြေကွဲဖွယ် တစ်ခန်းရပ်လေး ဖြစ်ချင်ဖြစ်ပေမည်။

Ven. S. Dhammika
Ref; Good Question Good Answer

ဘုရားလောင်းအတွက်ကား ၀ါဒတစ်ရပ်ကို လောကကြီးတစ်ခုလုံး ကျင့်သုံးနိုင်အောင် တင်ပြနိုင်ရေးအတွက် ပထမဆုံးသော အောင်မြင်စွာ နောက်လှည့်ဆုတ်ခွာခြင်း ဖြစ်လေသည်။
အံ့သြဖွယ်ကောင်းသည်။ အံ့သြမိသည်။
အံ့သြဖွယ်ကောင်းသည်။ အံ့သြမိသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့ဒီမိုကလေစီ၏ အိုက်ကွန်တစ်ခုမျှသာဖြစ်သည်။ ကမ္ဘာ့ဒီမိုကရေစီခေါင်းဆောင်မဟုတ်။ ၀ါဒတစ်ရပ်ကို စတင်တည်ထောင်ခဲ့သူလည်း မဟုတ်။ မြတ်စွာဘုရားရှင်သည်ကား သူမတူသော ၀ါဒတစ်ရပ်ကို ကိုယ်ပိုင်အသိဥာဏ်ဖြင့် စတင်ထုတ်ဖော် ကျင့်သုံးပြတော်မူခဲ့ပေသည်။ တစ်နိုင်ငံထဲတွင်သာ မဟုတ်၊ ကမ္ဘာအရပ်ရပ်သို့ပင် ဂုဏ်သတင်း ကြိုင်သင်းစွာ ပျံ့နှံ့တွင်ကျယ်စေခဲ့သည်။ ယခုထိတိုင် နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော် ရှည်လျားသည့် အချိန်ကာလများစွာ သူ၏၀ါဒကို ယုံယုံကြည်ကြည် လိုက်နာကျင့်သုံးသူများ ကမ္ဘာတစ်လွှားတွင် အထင်အရှား ရှိနေသေးသည်။ သို့သော် လိုတစ်မျိုး မလိုတစ်မျိုး လောကကြီး၏ လှည့်ကွက်ကား ကြောက်စရာကောင်းလှ၏။ နိုင်ငံတစ်နိုင်ငံအတွင်း စနစ်တစ်ခုကို ကျင့်သုံးရန် ရှေ့ဆောင်အားထုတ်ကာမျှသာဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကိုကား လားလားမျှ အပြစ်မမြင်ကြဘဲ ဘုရားရှင်၏ စွန့်ခြင်းကြီးကိုမူ အပြစ်ယူဆ စောဒကတက်ချင်ကြသည်၊ စောဒကတက်ခဲ့ကြသည်။ 'မေတ္တာ,ကရုဏာ မရှိလို့သာ…'၊ 'တာဝန်မဲ့ရာကျသည်'ဟူသော စကားလုံးများဖြင့် ရှုတ်ချချင်ကြသည်၊ ရှုတ်ချခဲ့ကြသည်။ ယင်းဖြစ်ရပ်နှစ်ခုမှာ အောင်မြင်စွာ နောက်လှည့်ဆုတ်ခွာခြင်းအနေအထားအားဖြင့် အလားတူသော်လည်း မနှိုင်းယှဉ်အပ်လောက်အောင် အကွာကြီးကွာနေသည့်အတွက်
မြတ်စွာဘုရားရှင်အား ပြစ်တင်ရှုတ်ချလိုစိတ်ကို ပြန်လည်ဆင်ခြင်ကာ အသိအမြင်မှန် ရရှိကြစေရန်နှင့် ကိုယ်လိုရာကိုသာ ဆွဲမယူဘဲ မျှမျှတတတွေး၍ မျှမျှတတဝေဖန်တတ်ကြစေရန် သတိပြုသင့်လှပေသည်။ ဗုဒ္ဓဘာသာဝင်များအနေဖြင့်လည်း မိမိတို့ဆရာသခင် မြတ်စွာဘုရားရှင်၏ ကြီးမြတ်လှသည့် မေတ္တာ,ကရုဏာအပေါ် အထင်တော်လွဲကာ သံသယမဖြစ်မိကြစေရန် အထူးသတိပြုသင့်လှတော့သည်။
သ တ္တ၀ါဟူသရွေ့ အမှန်တွေ့ ချမ်းမြေ့သာယာကြပါစေ။
အရှင်အာလောကာနန္ဒ
No comments:
Post a Comment