Slideshow on Photo
2011, စက်တင်ဘာလထဲတုန်းက အဖြစ်အပျက်လေးပါ။ ဖုန်းနဲ့အချိတ်အဆက်ရပြီး Nakhon Ratchasima ပြည်နယ်မြို့ နဲ့ မလှမ်းမကမ်းမှာရှိတဲ့ Sri Thai ပုဂံစက်ရုံက မြန်မာတွေ ဦးဇင်းတို့နေတဲ့ ထိုင်းဘုန်းကြီးကျောင်းကို ရောက်လာခဲ့ကြပါတယ်။ ဒီနယ်မှာ မြန်မာဘုန်းကြီးဦးဇင်း တွေ့ရဖို့ အတော်လေး ခဲယဉ်းပါတယ်။ သာရေးနာရေး ပွဲလေးတွေ လုပ်ချင်တယ်ဆိုရင် သူတို့တတွေမှာ ဘုန်းကြီးရှာရတာက တစ်လုပ်ဖြစ်နေပါတယ်။ အနီးဆုံး ဘန်ကောက် နဲ့ ကျန်တဲ့ မဲဆောက် တာချီလိတ် စတာတွေဆီကို လှမ်းပင့်ကြရတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့်လဲ မြန်မာဦးဇင်းလေးတွေ ကျောင်းတက်နေတာရှိတယ် ကြားတာနဲ့ လူကြီးပိုင်းက ပြေးလာကြပါတယ်။ အလုပ်အားတဲ့ လူငယ်လေးတွေပါ လိုက်လာကြတာမို့ ဆယ့်ငါးယောက် ပါလာတယ်။ ရောက်တာနဲ့ ၀မ်းသားအားရ အပြုံးတွေ စကားလုံးတွေ ဖလှယ်ကြတော့တာပါ။
နှုတ်ဆက်စကားတွေ ပြောအပြီးမှာ မြန်မာတွေရဲ့ ဓလေ့ထုံးတမ်းပေါ်က စိတ်ရင်းအတိုင်း ကျောင်းအတွင်း သန့်ရှင်းရေးရေးတွေ လုပ်ကြပါတယ်။ ဘုရားရုပ်ပွားတော်တွေပေါ် ပေကျံနေတဲ့ ခိုချေးတွေ သုတ်သင်သန့်ရှင်းကြ၊ ဘုရားသင်္ကန်းတော်တွေ လျှော်ဖွတ်ကြ၊ ကြမ်းပြင်ကို ရေဖတ်တိုက်ကြနဲ့ ကျေနပ်အားရ ဝေယျဝေစ္စကုသိုလ် ပြုကြပါတယ်။ မနက်ခင်းရောက်လာတာမို့ ဆွမ်းအလှူဒါနပါ ယူသွားကြပါတယ်။ အားလုံးပြီးစီးမှ ဦးဇင်းတို့ကို နောက်နေ့မနက်ဖြန် သီလပေးတရားဟော ပင့်ဖိတ်ပြီး ပြန်သွားကြပါတယ်။ ဦးဇင်းတို့လည်း ၀မ်းသာအားတက်သွားခဲ့ပါတယ်။
နောက်နေ့မနက်ခင်းရောက်တော့ ဦးဇင်းတို့ သူတို့စက်ရုံကိုသွားဖို့အတွက် ကျောင်းထိုင်ဆရာတော် ဆွမ်းခံကြွနေတာနဲ့ လက်ထောက်ဦးဇင်းကြီးတစ်ပါးကို သွားလျှောက်ကြပါတယ်။ ဒီတော့မှ မနေ့က မြန်မာစိတ်ရင်းဟာ အမှားကြီးတစ်ခုလို ဖြစ်နေမှန်း သိလိုက်ရပါတယ်။ အဲဒီဦးဇင်းကြီးမှာ မျက်နှာကို ပုပ်သိုးလို့ပါပဲ။ ဦးဇင်းတို့ကို ထိုင်းလိုပြောပါတယ်။ လာအိုတစ်ပါးက ဘာသာပြန်ပေးတာအရ မနေ့က မြန်မာတွေ ဟိုလုပ်ဒီလုပ်လုပ်တာကို မကြိုက်လို့ပါတဲ့။ ပြီးတော့ ဘယ်သူ့ကိုမှလည်း အသိမပေးလို့ဆိုပြီး အပြစ်တွေ ချပြတော့တာပါပဲ။ တကယ်တော့ ထိုင်းဒကာဒကာမတွေလာတဲ့အခါလည်း သူတို့ထိုင်းဘုန်းကြီးတွေ တစ်ခါမှ မသိပါဘူး။ လာအိုဦးဇင်းတွေနဲ့ပဲ ပြီးသွားတာပါ။ အဲဒါကိုတော့ မသိယောင်ဆောင်ပြီး ဦးဇင်းတို့ မြန်မာတွေ ကုသိုလ်ရေးလုပ်တာကိုကျမှ ကွက်ပြီး အပြစ်မြင်ခဲ့ကြပါတယ်။ ထိုင်းတို့ရင်မှာ မြန်မာပေါ်ထားတဲ့အမုန်းတွေ အဆုံးမသတ်သေးတာ ထင်ရှားလှပါတယ်။ လူဒကာဒကာမတွေထက် ဘုန်းကြီးရဟန်းတွေက ပိုဆိုးနေတယ်လို့ ဦးဇင်းအကဲခတ်မိပါတယ်။ ထိုင်းသာသနာ့နယ်ပယ်မှာ မြန်မာဘုန်းတော်ကြီးကျောင်းဆိုတာ မရှိစေရ ဆိုတဲ့ ထိုင်းသံဃအဖွဲ့အစည်းရဲ့ စည်းမျဉ်းက သက်သေပြမယ်ထင်ပါတယ်။
သို့သော် ဒါပေမဲ့ လို့ ဆိုရအုံးမှာပဲ။ မဟာယာန ကျောင်းတော်များ နဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေကတော့ ဒီမိုကရေစီ ဆိုတာကြောင့်များ ရှိနေရော့သလား မပြောတတ်ပါ၊ ရှိတော့ရှိတာ တွေ့နေရပါတယ်။ မြန်မာအရေး နဲ့ ထေရ၀ါဒသာသနာရေးမှာမှ ဒီမိုကရေစီမပေးတဲ့ ထိုင်းဒီမိုကရေစီဆိုတာကလဲ ရင်လေးဖွယ် ကြောက်စရာပါပဲဗျာ။
No comments:
Post a Comment