Luang Prabang မြို့ထဲက အမျိုးသားပြတိုက်ကိုလည်း ရောက်ခဲ့ကြပါတယ်။ ပြတိုက်ဝင်းထဲ အ၀င် ဘယ်ဘက်ဘေးမှာ လက်မှတ်ဖြတ်ရပါတယ်။ မိန်းပြတိုက်ကြီးထဲကိုဝင်တဲ့အခါ ပစ္စည်းတွေကို ဘယ်ဘက်က အခန်းတစ်ခန်းမှာ သွားသိမ်းရပါတယ်။ သော့လေးတွေတန်းလန်းနဲ့ ထားပေးပါတယ်။ ကိုယ့်ပစ္စည်းလေးတွေထည့်ပြီး သော့ခတ်သွားလိုက်ရုံပါ။ သိမ်းဆည်းခ ထပ်မယူတော့ပါဘူး။ မန်မာမှာ ပုဂံပြတိုက်လိုပါပဲ ကင်မရာ ခွင့်မပြုပါဘူး။ ပုဂံပြတိုက်မှာတော့ ဦးဇင်းရောက်တုန်းက ပစ္စည်းထားဖို့ အခန်းမရှိပါဘူး။ အမျိုးသားယဉ်ကျေးမှု ကဇာတ်ကိုလည်း သူ့နေ့နဲ့သူ ကြေညာပေးထားပါတယ်။ ပြတိုက်က နေ့တိုင်း မဖွင့်လို့ထင်တယ် (သေချာမမေးခဲ့ရ) ဧည့်သည်တွေ အရမ်းစည်ကားပါတယ်။ ပြတိုက်ဝင်းထဲမှာ ငါးနေရာလောက် ကြည့်စရာ ရှိပါတယ်။ ထူးထူးခြားခြား ခေတ်ဟောင်းကားတွေကိုပါ တစ်နေရာမှာ ပြထားပါတယ်။ ကားပြတိုက်ရဲ့ နောက်ကျောမှာ Buddhism Photo Exhibition ဓာတ်ပုံပြတိုက်ရှိပါတယ်။ မိန်းပြတိုက်ကြီးထဲမှာတော့ ဘုရင်တွေ အသုံးအဆောင်များပြီး နိုင်ငံတကာနဲ့ ဆက်ဆံတဲ့ အမှတ်တရတွေကိုပါ ပြသပေးထားပါတယ်။ လာအိုမင်းမိဖုရားတွေရဲ့ အိပ်ခန်းဆောင်ပုံစံများကိုပါ ဖန်တီးပြထားပါတယ်။ ကျွန်းသစ်နဲ့ ကြမ်းခင်းထားတာမို့ ခြေနင်းကြွရင်း တကျွီကျွီမြည်သံလေးကိုပါ နားဆင်ရပါမယ်။ ဓာတ်ပုံပြတိုက် ထဲကို ရောက်ခဲ့ရင် သတိလေးထားခဲ့ပေးစေချင်တာရှိပါတယ် - မြန်မာပန်းချီလက်ရာနဲ့ ပုံတစ်ပုံရှိပါတယ်။ အဲဒါက Sisavangvatthana ရဲ့ ပန်းချီကား ပါပဲ။ ပုံတူ နှစ်ခါ ရှိပါတယ်။ လက်ဝဲရစ် လှည့်ပတ်ကြည့်ရင် ပထမတွေ့တဲ့ ပန်းချီကားပါ။ ပန်းချီကားရဲ့ အောက်ခြေမှာ Aung Htwe 63 လို့ တွေ့ရပါ့မယ်။ ပုံရဲ့ အောက်မှာ ၀န်ထမ်းတွေထိုးပြထားတာက Printed in 1963 ဖြစ်ပါတယ်။ နောက်တစ်နေရာမှာ အသေးတစ်ချပ်တွေ့ရပါတယ်။ အဲဒါကတော့ Lee လို့ ဆိုင်းထိုးထားပါတယ်။ လာအိုလား တရုတ်လား မကွဲပြားပါဘူး။ အမှတ်တရ ပေးတဲ့ ပစ္စည်းလေးတွေထဲမှာ မြန်မာက ငွေခယားအိုး နဲ့ ခွက်လေးတွေ တွေ့ရပါတယ်။ သေးပေမယ့် မြန်မာ့ယဉ်ကျေးမှုလက်ရာ လေးတွေ ထည့်ထားတဲ့အတွက် လက်ညိုးထိုးပြီး တန်ဖိုးရှိတဲ့အကြောင်း ပြနိုင်ပါတယ်။ သုတဖြစ်ပဲဖြစ်ဖြစ် လည်ပတ်လ့လာနိုင်ပါစေ။
No comments:
Post a Comment