#navbar { display: none; } or: #navbar-iframe { display: none !important; }

Friday, 9 November 2012

နင်လားဟဲ့ ပေတိုး

“ပေတိုးရေ ဒုက်ယူခဲ့ကွယ်”

ပေတိုးရဲ့ အပြုံးတစ်ပွင့်ကို မည်သူမျှ မြင်ခွင့်မရလိုက်။ ဆရာတော် ရိုက်ခံရမည့် ကျောင်းသားတွေထဲ သူမပါ။ ဘယ်နှခါ ရိုက်မလဲ ပေတိုးကတော့ ပြုံးမြဲတိုင်းပြုံးလျက်သာ။ လက်ဖက်ပျောက်တဲ့အမှုတွဲဆို သူ့ကို ချန်ခဲ့သည်ချည်း။ ပေတိုး လက်ဖက်မကြိုက်တာ တစ်ကျောင်းလုံးအသိ၊ ရပ်သိရွာသိ။

ကျောင်းကို ရောက်စက “ပေတိုး လက်ဖက်လာယူ” ဟု ဆရာတော် ခေါ်သည်ကို ဟင့်အင်းလုပ်ခဲ့သည်။ “ပေတိုးကြီးက လဖက်မကြိုက်တာလားကွဲ့” ဟူသော ဆရာတော်၏ မှတ်ချက်ကို ပေတိုးက စကားလေးနှလုံးဖြင့် ရိုးသားစွာ အကြောင်းပြန်ခဲ့သည် “မှန်ပါ့”။ ဘုန်းကြီးကျောင်းသားဘ၀ လပေါင်းများစွာ ကြာခဲ့ပြီ။ လက်ဖက်ပျောက်မှုခင်းကို ဖြေရှင်းရာတွင် ပေတိုးသည် ဒုက်ယူတာဝန်ဖြင့်သာ ခုံရုံးမှာ အမှုတော်ထမ်းရသည်။ တရားခံများကလည်း ပေတိုးကို အားကျကြသည်။ သို့သော် ပေတိုးလို လက်ဖက်မကြိုက်သူအဖြစ် မရပ်တည်နိုင်။ ပေတိုးကတော့ လက်ဖက်ပွဲဆို ဝေါင်ဝေါင်ရွှေး ဝေးဝေးရှောင်။ လက်ဖက်နံ့ရလျှင် အော့ချင်သလို အံချင်သလို။ ပေတိုးကို မည်သူကမျှ လက်ဖက်မကျွေးကြတော့။ ပေတိုးသည် ကျောင်းမှာ ပေါ်ပြူလာ။ အများထက်ထူးခြားသူ။ လက်ဖက်ပေါတဲ့ ဘုန်းကြီးကျောင်းမှာ သူက နာမည်နှလုံးနှင့် ထင်ရှားသည် ပေတိုး သို့မဟုတ် လက်ဖက်မကြိုက်တဲ့ကျောင်းသားလေး။

“ကျောင်းသားတွေ စတိုခန်းထဲက လက်ဖက်ခွက် ဘယ်သူ့လက်ချက်လဲဟေ့ မှန်မှန်ပြောကြစမ်း”

ပျောက်ပြန်ပြီ လက်ဖက်ပွဲ။ ကျောင်းသားတွေကို ဆရာတော် စစ်မေးပြန်ပြီ။ ဘယ်သူမှ ၀န်မခံဘဲ ငြိမ်ချက်သား ကောင်းကြစမြဲပင်။

“ဘယ်သူမှ ခိုးမစားဘူးပေါ့။ ဒါဆို မင်းတို့လိမ်တာပဲ။ မင်းတို့မှ မစား ကျောင်းထဲကို ဘယ်သူလာစားမလဲ။ ကဲ ပေတိုးကလွဲရင် ကျန်တဲ့ကောင် အကုန်ထ။ ပေတိုးရေ ဒုက်ယူခဲ့ကွယ်”

ရိုက်ခံရပြန်ပါပြီ။ သည်လက်ဖက်ပွဲပျောက်မှုကြောင့် ခဏခဏ ရိုက်ခံရသည်ကို ကျောင်းသားများ ဒေါသဖြစ်ကြရသည်။ စတိုခန်းအ၀င်အထွက်ကို အမြဲစောင့်ကြည့်ကြသည်။ တစ်ယောက်ဝင်သွားလျှင် နောက်တစ်ယောက် အမြဲလိုက်၍ စောင့်ကြည့်သည်။ ကျောင်းသားကိုယ်စီ အမှုလိုက်စုံထောက်များ ဖြစ်နေခဲ့သည်မှာ ကြာချေပြီ။ အချင်းချင်းတွေလည်း မယုံကြည်ကြတော့။ ယုံထင်ကြောင်ထင် သင်္ကာမကင်း ဖြစ်ကြလေပြီ။ သူခိုးဖမ်းရန် အချင်းချင်းမတိုင်ပင်နိုင်လောက်အောင်ပင် အစေးမကပ်ကြလေတော့ အမှုမှန်ပေါ်ဖို့အတွက် ခက်နေ၏။

ကျောင်းမှာ ခဏခဏ လက်ဖက်ပျောက်နေသည်ကို ဆရာတော် စိုးရိမ်လာသည်။ ဖြစ်နိုင်ချေရှိတဲ့ ကျောင်းသားတွေကို စောင့်ကြည့်ခဲ့ရာတွင်လည်း လက်သည်မပေါ်ခဲ့။ စုပေါင်းကြံစည်သည် အထင်ရှိ၍ ကွယ်ရာတွင် တစ်ယောက်ချင်း အစ်မေးခဲ့တာလည်း မအောင်မြင်။ ဒီလိုသာဆို ခက်ချေပြီ။ တဖြည်ဖြည်း ကျောင်းသားလေးတွေ စာရိတ္တပျက်စီးကြတော့မည်။ ဆရာတော် အကြံထုတ်ရလေပြီ။ စတိုခန်းကို သော့ခတ်လိုက်သည်။ သော့နှစ်ချောင်းကို ခွဲကိုင်စေသည်။ ပေတိုးတစ်ချောင်း ကျန်ကျောင်းသားကြီး တစ်ယောက်က တစ်ချောင်း ကိုင်ရသည်။ သို့သော် နောက်တစ်နေ့တွင် သော့တစ်ချောင်း ပျောက်သွားသည်။ ဆရာတော်က သော့ကို တွေ့အောင် ရှာခိုင်းရုံမှတပါး စစ်မေးခြင်း မပြုတော့။ ပေတိုးလက်မှ သော့တစ်ချောင်းဖြင့်သာ စတိုခန်းကို အ၀င်အထွက် လုပ်စေခဲ့သည်။ ပျောက်ပြန်ပါပြီ လက်ဖက်။ ခက်သည်မှာ သော့ကိုင်ပေတိုးကလည်း လက်ဖက်မကြိုက်။ ကျောင်းသားများ ခေါင်းငိုက်စိုက်ဖြင့် စိတ်ညစ်နေကြသည်။ သော့တစ်ချောင်းခိုးထားတာ ဘယ်သူလဲ၊ သော့ခိုးထားသူပဲ လက်ဖက်ခိုးစားသူ ဖြစ်ရမည်ဟု ကျောင်းသားများ တွက်ထားကြသည်။ သည်လိုနှင့် တစ်လလောက်အတွင်း အခါများစွာ လက်ဖက်များ ပျောက်နေခဲ့တော့သည်။


“ဒေါင်” “ဒေါင်” “ဒေါင်”

ကျောင်းသားအားလုံးကို ဆရာတော် ခေါ်လေပြီ။ ကျောင်းသားအားလုံး စုံသောအခါ ဆရာတော် စကားမပြောဘဲ ငြိမ်နေသည်။ ခဏမျှငြိမ်နေပြီးနောက် အသံထွက်လာသည် “ပေတိုးရေ ဒုက်ယူခဲ့ကွယ်”။

ပေတိုး၏ ကျိတ်ပြုံးလေး အသက်မစေ့လိုက်ပါ။ မျက်ရည်နှင့်မျက်ခွက် ပေတိုးခမျာ သနားစရာ။ ဆောင့်ကြောင့်လည်း မထိုင်နိုင်ရှာတော့။ ခွေခွေလေးပုံလျက်သား။ တံတောင်ဆစ်များကိုသာ အားပြုနေရသည်။ ဆရာတော်သည် အတန်ငယ်ကြာ နှုတ်ဆိတ်နေပြီးမှ စားပွဲပေါ်က အရာတစ်ခုကို ပေတိုးရှေ့သို့ ပစ်ချလိုက်သည်။ ခေါင်းငုံ့နေသော ကျောင်းသားတွေမျက်လုံး ပေတိုးရှေ့က အရာဆီသို့ စုရုံးရောက်ရှိသွား၏။ သော့။ ပျောက်သွားသည့်သော့။ စတိုခန်းသော့။

ထိုနေ့မှ စ၍ လက်ဖက်မပျောက်တော့။ စားစရာမှန်သမျှ မပျောက်တော့။ သော့နှစ်ချောင်းလုံးကို ပေတိုးအားအပ်လိုက်ပြီး စားစရာတစ်ခုခုပျောက်လျှင် ပေတိုးတာဝန် သတ်မှတ်လိုက်သည်။ လက်ဖက်သူခိုး မောင်ပေတိုး သူခိုးစားခဲ့သမျှ အတိုးချ၍ စောင့်ရှောက်ရတော့သည်။

လက်ဖက်သခိုး မောင်ပေတိုး၏ ဇာတ်လမ်းကို ဆရာတော်က သာရေးနာရေးတို့တွင် ကြုံလျှင်ကြုံသလို ထည့်ထည့်ပြောပြလေ၏။ ထိုနယ်တ၀ိုက်တွင် ပေတိုးဆိုလျှင် မသိသူ မရှိသလောက်ပင် ဖြစ်သွား၏။ ထို့ပြင် ရှေ့တွင် မကြိုက်ဟန်ဆောင်ကာ နောက်မှာ ခိုးစားတတ်သူများ ၊ ရှေ့တွင် ရိုးသားဟန်ဆောင်ကာ နောက်မှာ ကမျဉ်းကြောထတတ်သူများကို “ပေတိုး”ဟု ဂုဏ်တပ်ကာ ထိုအရပ်ဒေသမှာ ခေါ်စမှတ်ပြုကြလေသည်။

ပေတိုးများမဖြစ်ကြပါစေနှင့်
မောင်ပဉ္စင်း

No comments: