#navbar { display: none; } or: #navbar-iframe { display: none !important; }

Sunday, 16 December 2012

စိတ်ကောက်တော့မယ်ဆိုရင်


ဒီနေ့ လမ်းကြားလေးတစ်ခုအတွင်း အဖေနဲ့သမီး နှစ်ယောက်စီးလာတဲ့ စက်ဘီးလေးတစ်စင်း ဘေးနားက ဖြတ်အသွား တစ်ခုကြားခဲ့မိတယ်။ အဖေက သမီးကို ဆုံးမနေတာလေးပါ။

သမီးလေးက ကယ်ရီယာခုံပေါ်က တရှုတ်ရှုတ်နဲ့ငိုလိုက်လာတယ်။ တစ်ခုခုပူဆာတာ မရလို့ ငိုလာပုံ ရပါတယ်။ အဲဒါကြောင့်ဖြစ်မယ် အဖေဖြစ်သူက `သမီး စိတ်ကောက်တယ်ဆိုတာ သူများချစ်အောင် ကောက်ရတယ်၊ သူများအမြင်ကတ်အောင် မကောက်ရဘူး သိလား သမီး၊ ကဲ မျက်ရည်တွေ သုတ်ပစ

်လိုက် သမီး´လို့ ရှေ့ကနေ စက်ဘီးနင်းရင်း ပြောသွားတာ ကြာလိုက်ရတယ်။

လမ်းသွားရင်း ပြုံးလိုက်မိတယ်။ ကျေနပ်လွန်းလို့ပါ။ ဆုံးမတတ်တဲ့ အဖေတစ်ယောက်ကိုလည်း လေးစားမိပါတယ်။ ခြေလျင်သွားနေရတာမို့သာ ကိုယ်လည်း စက်ဘီးနဲ့သာဆို ရှေ့ဆက်ဘာတွေပြောပြီးဆုံးမအုံးမလဲလို့ လိုက်နားထောင်မိမှာ။

တစ်ဆက်တည်း စဉ်းစားလိုက်မိတယ်။ ကလေးမှမဟုတ်ဘူးပဲ လူတွေအားလုံး စိတ်ကောက်တဲ့အခါတိုင်း ဒီအဖေပြောတာလေးကို သတိရပြီး သူများချစ်အောင် စိတ်ကောက်သင့်တယ်လို့ပါ။ ဒါမှ ပူဆာတောင့်တတာ ရနိုင်ခြေ များမယ်မဟုတ်လား။

သူများချစ်အောင် စိတ်ကောက်တတ်ကြပါစေ

Friday, 30 November 2012

တောင်ကြီးမီးပုံပျံပွဲတော်

ဒီနှစ် နိုဝင်ဘာမှာ တောင်ကြီး မီးပုံးပျံပွဲကို သူငယ်ချင်းတွေနဲ့အတူ ရောက်ခဲ့ပါတယ်။ နိုဝင်ဘာ 27 မနက်ခင်း အတော်လေးလင်းမှ (၈)နာရီလောက်ပေါ့ မိတ္ထီလာကနေ ကားထွက်တယ်။ ၀က်ဖြူရေ မှာ ကားရေတိုက်ဖို့ ခဏနားပြီး ဆက်သွားပါတယ်။ ကားမူးတတ်သူတွေအတွက် တားမြစ်နယ်မြေလို့ ဆိုရမယ်။ မမူးတတ်သူတွေတောင် ခဏခဏ အန်ကြရတယ်။ အောင်ပန်းရောက်တော့ နေ့ 12 ထိုးလုပြီ။ အောင်ပန်းအကျော် တစ်နေရာ လမ်းဘေးမှာ ကားချပြီး ဆွမ်းစားကြတယ်။ ညနေခင်း (၃)-နာရီလောက်မှာ ပင်းတယလိုဏ်ဂူတော်ကိုရောက်တယ်။ တစ်နာရီနီးပါး ပင်းတယလိုဏ်မှာ အချိန်ယူပြီး တောင်ကြီးကို ဆက်သွားကြပါတယ်။ တောင်ကြီးရောက်တော့ မှောင်နေပါပြီ။ (၆)နာရီဝန်းကျင်ပါပဲ။ မင်းကျောင်း ဘုန်းကြီးကျောင်းမှာ တည်းခိုဖို့ အဆင်ပြေသွားတယ်။ မင်းကျောင်းမှာလည်း အနယ်နယ်က ရွှေပွဲလာဧည့်ပရိတ်သတ်တွေက အများသားပါပဲ။ ကားတွေ လူတွေ ပြည့်နေတာပါ။ ဦးဇင်းတို့ (၁၃)ပါးလောက်ဟာကို သိမ်ထဲက အခန်းတစ်ခန်းပဲ ရပါတယ်။ ဒါတောင် ကံကောင်းလို့ ရတာတဲ့။ အခန်းထဲမှာ ပစ္စည်းတွေ ထားပြီး လူတွေကတော့ အပြင်မှာ အိပ်ကြရပါတယ်။ ည (၈)နာရီခွဲလောက်မှာ မီးပုံးပျံပွဲကွင်းဆီကို သွားကြတယ်။ တစ်လမ်းလုံး ကားတွေ ဆိုက်ကယ်တွေ ပြည့်လို့ပါ။ တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော် ဆိုတဲ့ မီးပုံးပျံကွင်းမုခ်ဦးကို ရောက်ဖို့ တစ်မိုင်ကျော်ခန့်အလိုမှာတော့ ကားတွေဟာ တစ်လိမ့်ချင်း ရွေ့ရတယ်။ တစ်လိမ့်လိမ့်ဖို့ ငါးမိနစ်ဆယ်မိနစ်စောင့်ရတယ်။ စိတ်မရှည်ရင်တော့ မသွားသင့်ပါဘူး။ ဦးဇင်းတို့ ကားကို မုခ်ဦးနဲ့ မိုင်ဝက်လောက်အလိုမှာ ရပ်ခဲ့ပြီး ခြေလျင်ဆင်းသွားလိုက်ကြတယ်။ မီးပုံးပျံလွှတ်ကွင်းကလည်း မုခ်ဦးရဲ့ အထဲဘက် မိုင်ဝက်လောက်ဝေးမယ်ထင်တယ်။ ပထမနေ့ (တန်ဆောင်မုန်းလဆန်း ၁၄-ရက်) နိုဝင်ဘာ 27 ရက်မှာ Golden Mandalay မီးပုံးပျံလွှတ်တာကို မီလိုက်ရပါတယ်။ တောင်ကြီးလူငယ်အဖွဲက လွှတ်တင်တဲ့ ယမ်းမီးပုံးပျံက သတ်မှတ်အမြင့်မရောက်ခင် မီးထွက်လို့ ရုတ်ရုတ်သဲသဲဖြစ်သွားသေးတယ်။ ဆိုင်တွေပေါ်က အမိုးတွေလဲ မီးကြောင့် ပေါက်တာတွေလည်း ရှိခဲ့တယ်။ ည (၁)နာရီလောက်မှာ ကျောင်းပြန်အိပ်ကြတယ်။ ကျောင်းရောက်ခါနီး ကမ္ဘောဇဘဏ်နားမှာ ကားဘီပေါက်လို့ ကျောင်းကို လမ်းလျှောက်ခဲ့ရပြန်ပါတယ်။

28 မနက်ပိုင်း ထန်စမ်းဂူဆိုလား အဲဒီကိုသွားမလို့ စီစဉ်ပြီးမှ အားလုံးမလိုက်နိုင်ကြတာနဲ့ ဖျက်လိုက်ရတယ်။ နေလေးအတော်မြင့်မှ ညောင်ရွှေ အင်းလေးကို သွားကြပါတယ်။ နေ့ 11 ကျော်ကျော်မှာ ညောင်ရွှေကို ရောက်တယ်။ လှေတစ်စီးငှားပြီး ဖောင်တော်ဦးစေတီကို ဦးတည်ခဲ့ကြတယ်။ ဖောင်တောင်ဦးဘုရား မရောက်ခင် လမ်းတစ်ဝက်က ငါးဖယ်ချောင်းကျောင်းမှာ နားကြပါတယ်။ အဲဒီမှာပဲ အင်းရိုးရာ စားသောက်ဆိုင်က ရတာနဲ့ ဆွမ်းစားလိုက်ကြတယ်။ ဆွမ်းစားပြီး ဘုရားဆီဆက်သွားကြတယ်။ လမ်းမှာ ရေပေါ်စားသောက်ဆိုင်တစ်ခုနဲ့ ယက္ကန်းစက် တို့ လည်ပတ်စရာရှိတယ်။ ယက္ကန်းစက်ကိုတော့ မ၀င်ခဲ့ကြပါဘူး။  ဘုရားရောက်တော့ ကောင်လေး ကောင်မလေး ခပ်ငယ်ငယ်တွေရော လူလတ်ပိုင်း အရွယ်တစ်ချို့က လှေဆိုက်တဲ့ နေရာမှာ ၀ိုင်းအုံ ဆူညံနေတာပါပဲ။ ဘုရားဖူးဧည့်သည် လှေပေါ်အဆင်းကို အလုအယက် လမ်းကမ်းကြိုကြတယ်။ ရေထဲပြန်ချော်ကျမှာစိုးလို့လို့ မထင်လိုက်နဲ့။ သူတို့က ရွှေသင်္ကန်း ရောင်းချင်လို့။ ရွှေသင်္ကန်း ငါးချပ်တစ်အိပ်ကို တစ်ထောင်ပါ။ ဦးဇင်း တစ်တွဲဝယ်လိုက်ပါတယ်။ ဘုရားငါးဆူ အတွက် ငါးချပ်ပါတယ်တဲ့လေ။ ဘုရားထဲရောက်တော့လည်း ရွှေသင်္ကန်းကပ်နေကြတာ ရုပ်ပျက်ဆင်းပျက် အလုအယက်။ အခန့်မသင့်ရင် ရန်ဖြစ်နိုင်တယ်။ ဘာမှ စည်းစနစ်မရှိဘူး။ စည်းကမ်း ဘယ်လိုရှိတော့မလဲ။ ဂေါလန်သံကလည်း ဆူညံနေတာပဲ။ “ဘုရားဖူးဧည့်သည်များခင်ဗျား ဘုရားအတက်မှာ  ရွှေပြားရွှေသင်္ကန်းများကို ကပ်လှူခွင့် မပြုပါခင်ဗျား။ ခွင့်ပြုချက်မပေးထားဘဲ တရားမ၀င် ဇွတ်အတင်း ရောင်းချနေသူများအား သတိထားကြပါခင်ဗျား” လို့ ထပ်တလဲလဲ အော်နေတာများ နားကြားပျင်းကပ်စရာကောင်းတယ်။ အတင်းရောင်းတဲ့ကလေးတွေရဲ့ ရွှေသင်္ကန်းတွေကလည်း သူတို့တရားဝင်စာပွဲပေါ်က တံဆိပ်တွေနဲ့ အတူတူပဲ။ ပြီးတော့ သူတို့လည်း လှမ်းမြင်နေရတာပဲ။ ဘာလို့ မဖမ်းဘဲနဲ့ မိုက်နဲ့ စွတ်အော်နေရတာလဲ။ ဘုရားဖူးဧည့်သည်တွေကို သက်သက် နားငြီးစေပါတယ်။ စည်းကမ်းမရှိတာကို ပြောပါတယ်။ တစ်ခုတော့ ကျေးဇူးတင်ပါတယ်။ သံဃာတွေအတွက် ကုဋီသီးသန့် ထားပေးလို့။
အင်းလေး(ညောင်ရွှေ)ကနေ ညနေခင်း ၃ နာရီကျော်လောက် ပြန်လာခဲ့ကြပါတယ်။ မှောရီပျိုးစအချိန်လောက် တောင်ကြီကို ပြန်ရောက်ပြီး မီးပုံးပျံပွဲကြီးဆီ သွားခဲ့ကြပြန်ပေါ့။ တောင်ကြီးတက္ကသိုလ်မီးပုံးပျံ၊ အင်းလေးမီးပုံးပျံ စတာတွေနဲ့အတူ  Naing Group မီးပုံးပျံ ပျက်ကြတာပါ ကြည့်ခဲ့ရပါတယ်။ Naing Group မလွှတ်တင်ခင် အခြေအနေမကောင်းတာ တွေ့တော့ ဒိုင်လူကြီးစင်က လှမ်းသတိပေးပါသေးတယ်။ မထင်ရင် မလွှတ်တင်ဖို့။ ဒါပေမယ့် တက်မယ်ထင်ပြီး လွှတ်လိုက်တာ ဒိုင်လူကြီးစဉ်နားက မီးကြိုးကို ချိတ်ပြီး ပျက်ကျ မီးလောင်ပါလေရော။ တော်သေးတယ် မီးသတ်ကားက အဲဒီနားမှာ ရှိနေလို့။
အဲဒါပြီးတော့ အင်းစားမီးလွှတ်တင်တာ ကြည့်ပြီး ပြန်ခဲ့ကြပါတယ်။ ည တစ်နာရီကျော်လောက်မှာ တောင်ကြီးကနေ ညတွင်းချင်း မိတ္ထီလာကို ပြန်ဆင်းခဲ့ကြပါတယ်။
တောင်ကြီး မီးပုံးပျံပွဲ ၁၃၇၄ သွားခဲ့ကြတဲ့ ယာဉ်တော်တော်များများကတော့ မှတ်မိကြပါလိမ့်မယ် ဗိုလ်အောင်တင် ပြန်လာပြီ ဇာတ်လမ်းကို ဖွင့်ပြီး မီးပုံးပျံပွဲသွားခဲ့တဲ့ ဦးဇင်းလေးတွေဆိုရင်လေ။

Sunday, 25 November 2012

အမေရိကန်သမ္မတတစ်ယောက် ဘုန်းကြီးကျောင်းသို့အလည်တစ်ခေါက်

ထိုင်းမှာပါ။ အိုးဘားမားလာတုန်းက ဘုန်းကြီးကျောင်းတစ်ကျောင်း ရောက်သွားသေးတယ်။ ထိုင်းနိုင်ငံက ဘုန်းကြီးကျောင်းကို ရောက်အောင်ပို့ပြီး ဘုန်းကြီးနဲ့ တွေ့ပေးတာ။ မြန်မာဘုန်းကြီးတွေကိုတော့ ဥပဒေ
ရှေ့ရောက်တယ် ဘယ်လိုဘယ်ညာနဲ့ ဆွဲချချင်ကြတယ်။ အယူကွဲပြားသူတွေက ပြောချင်သလိုပြောပါစေ ဘာသာခြားမို့ နားလည်ပေးလို့ရတယ်။ ဒါပေမယ့် ကိုယ့်ဘာသာဝင်တွေထဲကကို အဲဒီလို ပြောချင်နေကြတာများတယ်။ ဘုန်းကြီးတွေက ထောက်ပြတတ်တာဆိုတော့ မကြိုက်ဘူးပေါ့။ ဒီတော့လည်း ဘုန်းကြီးနဲ့ပေးတွေ့ဖို့ ဘယ်ဖြစ်ပါ့မလဲ။

ထိုင်းနိုင်ငံမှာတော့ ကြည့်ပါအုံး။ ကြည်နူးမဆုံး တပြုံးပြုံးဖြစ်နေတဲ့ အိုဘားမားတို့တတွေရဲ့ ဘုန်းကြီးကျောင်းရောက် ပီတိတွေ။

အိုဘားမားက သူ ဗုဒ္ဓဘာသာကို စိတ်ဝင်စားခဲ့တယ် ဆိုတဲ့အကြောင်း ဘုန်းကြီးကို ၀န်ခံသွားခဲ့ပါတယ်။ ကလင်တန် ဒကာမကြီးကလဲ သူ့အချစ်တော် ဘီးလ်ကိုခေါ်ပြီး ထိုင်းဘုန်းကြီးကျောင်းကို နောက်တစ်ခေါက် အရောက်လာအုံးမယ်တဲ့။

အိုဘားမား ဘုန်းကြီးကျောင်းကို ဘယ်လောက်စိတ်ဝင်စားသွားလဲ မပြောပါနဲ့ သူ့သမီးလေးတွေကို ဘုန်းကြီးကျောင်းနဲ့ပတ်သက်တဲ့ လက်ဆောင်ပေးချင်လို့ သူ့လူတွေကို ရှာခိုင်းသေးတာပဲကြည့်။ တွေ့သွားတဲ့ အသင့်တော်ဆုံးလက်ဆောင်က ဘုန်းကြီးကျောင်းအကြောင်း စာအုပ်။ အတုယူစရာပါ၊ ဘုန်းကြီးကျောင်းအကြောင်း စာအုပ်တို့ လက်ကမ်းစာစောင်တို့ ဘုရားသမိုင်းတို့ အမှတ်တရယူတဲ့သူက တော်တော့်ကို ရှားတယ်။ အခမဲ့ဝေရင်တောင် အဲဒီလက်ဆောင်မျိုး မသယ်ချင်တာမို့ သိပ်မစွဲ၊ ၀ယ်ယူရမှာဆို လိုချင်ရင်တောင် တော်တော်စဉ်းစားကြတယ်။

ဘုန်းကြီးကျောင်းဝင်းထဲက လဲလျောင်းတော်ဘုရားရုပ်ပွား (Reclining Buddha statue) ထားရှိရတဲ့အကြောင်း ကလင်တန်သိချင်လို့ မေးတော့ ဘုန်းကြီးက အဲဒါ ငြိမ်းချမ်းမှု နဲ့ အောင်မြင်ရေး အမှတ်အသားတစ်ခုလို့ ပြောပြလိုက်တာကလဲ မှတ်သားစရာပါ။

စပ်မိလို့ ပြောချင်တယ်။ မလေးရှားမှာ လဲလျောင်းတော်ကို အင်္ဂလိပ်လို Sleeping Buddha လို့ သုံးကြတယ်။ အိပ်နေတဲ့ဘုရားလို့ ဆိုလိုရာရောက်သွားတယ်။ ဗုဒ္ဓဘာသာဆိုင်ရာ ဝေါဟာရအသုံးမှာ အမှန်က reclining Buddha ပါ။ လဲလျောင်းနေတာပါ။ အဲဒါလဲ အင်္ဂလိပ်စာလိုက်စားတဲ့သူတွေ မှတ်ထားသင့်ပါတယ်။ မလွဲရင် အကောင်းဆုံးပေါ့။

ဘုန်းကြီးနဲ့ အိုဘားမားပြောတာလေးတွေ စိတ်ဝင်စားစရာကောင်းတယ်။ ရယ်မောစရာလေးတွေလည်း ပါတယ်။ ဘာသာရေးကို ရိုသေလေးစားသမှုပြုတာလေးတွေနဲ့အတူ ဘာသာတရားစိတ်ဝင်စားမှုလေးတွေ ရောထွေးစီးဝင်နေတဲ့ အမေရိကန်သမ္မတတစ်ယောက်ရဲ့ ဘုန်းကြီးကျောင်းသို့အလည်တစ်ခေါက်ဟာ ကြည်နူးစရာပါ။

အိုဘားမားက ကလေးတွေရှိသေးတာကြောင့် သုံးကြိမ်မြောက်တော့ အရွေးမခံချင်တော့တဲ့အကြောင်း၊ နောက်တစ်ခါ သူ့အလှည့်လို့ ဟီလာရီကလင်တန်ကို မေးငေါ့ပြခဲ့တဲ့အကြောင်းလေးတွေလည်း ပါတယ်။

အပြည့်အစုံဖတ်ချင်ရင် ထိုင်းဆိုက်မှာတင်ထားတယ်။ http://www.nationmultimedia.com/national/Temple-tour-marked-by-humour-respect-interest-in-B-30194580.html

Clinton asked the monk why there was a Reclining Buddha statue and she was told that it was a symbol of peace and success.

Mrs Clinton said she would return with her husband Bill to show him the temple.

Obama said it was just a rumour but noted that he was interested in Buddhism.

The US president smiled even broader when the assistant abbot told him that he was like Bodhisattva as he was not just President of the US but the whole world.

Saturday, 10 November 2012

ဆရာကြီးအောင်သင်း၏ လူငယ်တွေအတွက် ဆန္ဒတစ်ရပ်

ကျွန်တော်စိုးရိမ်သည်က “လူငယ်တွေ”။ လူငယ်တွေက အချို့အချို့သော (တကယ်ဆိုတော့ အနည်းငယ်မျှသော) လူကြီးတွေ နဲ့ ထိုနှယ်ဤနှယ်လုပ်ပြီး ငွေကြေးသြဇာ တန်ခိုးထွားနေသူတွေကို ကြည့်ပြီး အကုသိုလ်ကို အကုသိုလ်မှန်းမသိ၊ ရှက်ရမည်ကို ရှက်ရကောင်းမှန်းမသိ လိပ်ပြာမရှိသော လူငယ်တွေ ဖြစ်သွားမည်ကို စိုးရိမ်မိပါသည်။

လူငယ်တို့သည် အရေးဟဲ့အကြောင်းဟဲ့ဆိုလျှင် ကျွန်တော်တို့လူကြီးတွေထက် သတ္တိကောင်းသည်။ ၀ံ့စားသည်။ ရဲရင့်သည်။ သို့သော် ထိုသို့သော “ကာယသတ္တိ”ထက် ပိုမိုလေးနက် ခက်ခဲသော “စာရိတ္တသတ္တိ”ကို လည်း သတိရသင့်သည်။ သတိရရုံမျှသာ မဟုတ် စာရိတ္တသတ္တိခိုင်မာအောင်လည်း တည်ဆောက်သင့်သည်။

အရေးဟဲ့အကြောင်းဟဲ့ ဆိုလိုက်လျှင် အသက်ကိုပင် စွန့်ဝံ့ကြသော လူငယ်တို့သည် ရုပ်ဝတ္ထုအသစ်တို့ကို မက်မောသောကြောင့် အရှက်ကိုစွန့်ဝံ့ကြသည့် ဘ၀သို့ သက်ဆင်းကြတော့မည်လော။

လူငယ်တွေက သူတို့ရဲ့ “လူငယ်ရွှေခေတ်ကြီး”ကို ထူထောင်ချင်ကြသည်။ အိပ်မက်မက်ကြသည်။ သို့သော် စာရိတ္တမခိုင်မာသော လူငယ်တွေ တိုးပွားလာလျှင်တော့ “ရွှေခေတ်”မဟုတ်ဘဲ “ရွှံ့ခေတ်”ကြီးသာ ဖြစ်လာပေလိမ့်မည်။

အောင်သင်း
သိက္ခာနှင့်လိပ်ပြာ ဆောင်းပါး
ရှင်ဘုရင်ပါပဲနှင့်ရွှေပြည်တန်သောဆောင်းပါးများစာအုပ်

Friday, 9 November 2012

နင်လားဟဲ့ ပေတိုး

“ပေတိုးရေ ဒုက်ယူခဲ့ကွယ်”

ပေတိုးရဲ့ အပြုံးတစ်ပွင့်ကို မည်သူမျှ မြင်ခွင့်မရလိုက်။ ဆရာတော် ရိုက်ခံရမည့် ကျောင်းသားတွေထဲ သူမပါ။ ဘယ်နှခါ ရိုက်မလဲ ပေတိုးကတော့ ပြုံးမြဲတိုင်းပြုံးလျက်သာ။ လက်ဖက်ပျောက်တဲ့အမှုတွဲဆို သူ့ကို ချန်ခဲ့သည်ချည်း။ ပေတိုး လက်ဖက်မကြိုက်တာ တစ်ကျောင်းလုံးအသိ၊ ရပ်သိရွာသိ။

ကျောင်းကို ရောက်စက “ပေတိုး လက်ဖက်လာယူ” ဟု ဆရာတော် ခေါ်သည်ကို ဟင့်အင်းလုပ်ခဲ့သည်။ “ပေတိုးကြီးက လဖက်မကြိုက်တာလားကွဲ့” ဟူသော ဆရာတော်၏ မှတ်ချက်ကို ပေတိုးက စကားလေးနှလုံးဖြင့် ရိုးသားစွာ အကြောင်းပြန်ခဲ့သည် “မှန်ပါ့”။ ဘုန်းကြီးကျောင်းသားဘ၀ လပေါင်းများစွာ ကြာခဲ့ပြီ။ လက်ဖက်ပျောက်မှုခင်းကို ဖြေရှင်းရာတွင် ပေတိုးသည် ဒုက်ယူတာဝန်ဖြင့်သာ ခုံရုံးမှာ အမှုတော်ထမ်းရသည်။ တရားခံများကလည်း ပေတိုးကို အားကျကြသည်။ သို့သော် ပေတိုးလို လက်ဖက်မကြိုက်သူအဖြစ် မရပ်တည်နိုင်။ ပေတိုးကတော့ လက်ဖက်ပွဲဆို ဝေါင်ဝေါင်ရွှေး ဝေးဝေးရှောင်။ လက်ဖက်နံ့ရလျှင် အော့ချင်သလို အံချင်သလို။ ပေတိုးကို မည်သူကမျှ လက်ဖက်မကျွေးကြတော့။ ပေတိုးသည် ကျောင်းမှာ ပေါ်ပြူလာ။ အများထက်ထူးခြားသူ။ လက်ဖက်ပေါတဲ့ ဘုန်းကြီးကျောင်းမှာ သူက နာမည်နှလုံးနှင့် ထင်ရှားသည် ပေတိုး သို့မဟုတ် လက်ဖက်မကြိုက်တဲ့ကျောင်းသားလေး။

“ကျောင်းသားတွေ စတိုခန်းထဲက လက်ဖက်ခွက် ဘယ်သူ့လက်ချက်လဲဟေ့ မှန်မှန်ပြောကြစမ်း”

ပျောက်ပြန်ပြီ လက်ဖက်ပွဲ။ ကျောင်းသားတွေကို ဆရာတော် စစ်မေးပြန်ပြီ။ ဘယ်သူမှ ၀န်မခံဘဲ ငြိမ်ချက်သား ကောင်းကြစမြဲပင်။

“ဘယ်သူမှ ခိုးမစားဘူးပေါ့။ ဒါဆို မင်းတို့လိမ်တာပဲ။ မင်းတို့မှ မစား ကျောင်းထဲကို ဘယ်သူလာစားမလဲ။ ကဲ ပေတိုးကလွဲရင် ကျန်တဲ့ကောင် အကုန်ထ။ ပေတိုးရေ ဒုက်ယူခဲ့ကွယ်”

ရိုက်ခံရပြန်ပါပြီ။ သည်လက်ဖက်ပွဲပျောက်မှုကြောင့် ခဏခဏ ရိုက်ခံရသည်ကို ကျောင်းသားများ ဒေါသဖြစ်ကြရသည်။ စတိုခန်းအ၀င်အထွက်ကို အမြဲစောင့်ကြည့်ကြသည်။ တစ်ယောက်ဝင်သွားလျှင် နောက်တစ်ယောက် အမြဲလိုက်၍ စောင့်ကြည့်သည်။ ကျောင်းသားကိုယ်စီ အမှုလိုက်စုံထောက်များ ဖြစ်နေခဲ့သည်မှာ ကြာချေပြီ။ အချင်းချင်းတွေလည်း မယုံကြည်ကြတော့။ ယုံထင်ကြောင်ထင် သင်္ကာမကင်း ဖြစ်ကြလေပြီ။ သူခိုးဖမ်းရန် အချင်းချင်းမတိုင်ပင်နိုင်လောက်အောင်ပင် အစေးမကပ်ကြလေတော့ အမှုမှန်ပေါ်ဖို့အတွက် ခက်နေ၏။

ကျောင်းမှာ ခဏခဏ လက်ဖက်ပျောက်နေသည်ကို ဆရာတော် စိုးရိမ်လာသည်။ ဖြစ်နိုင်ချေရှိတဲ့ ကျောင်းသားတွေကို စောင့်ကြည့်ခဲ့ရာတွင်လည်း လက်သည်မပေါ်ခဲ့။ စုပေါင်းကြံစည်သည် အထင်ရှိ၍ ကွယ်ရာတွင် တစ်ယောက်ချင်း အစ်မေးခဲ့တာလည်း မအောင်မြင်။ ဒီလိုသာဆို ခက်ချေပြီ။ တဖြည်ဖြည်း ကျောင်းသားလေးတွေ စာရိတ္တပျက်စီးကြတော့မည်။ ဆရာတော် အကြံထုတ်ရလေပြီ။ စတိုခန်းကို သော့ခတ်လိုက်သည်။ သော့နှစ်ချောင်းကို ခွဲကိုင်စေသည်။ ပေတိုးတစ်ချောင်း ကျန်ကျောင်းသားကြီး တစ်ယောက်က တစ်ချောင်း ကိုင်ရသည်။ သို့သော် နောက်တစ်နေ့တွင် သော့တစ်ချောင်း ပျောက်သွားသည်။ ဆရာတော်က သော့ကို တွေ့အောင် ရှာခိုင်းရုံမှတပါး စစ်မေးခြင်း မပြုတော့။ ပေတိုးလက်မှ သော့တစ်ချောင်းဖြင့်သာ စတိုခန်းကို အ၀င်အထွက် လုပ်စေခဲ့သည်။ ပျောက်ပြန်ပါပြီ လက်ဖက်။ ခက်သည်မှာ သော့ကိုင်ပေတိုးကလည်း လက်ဖက်မကြိုက်။ ကျောင်းသားများ ခေါင်းငိုက်စိုက်ဖြင့် စိတ်ညစ်နေကြသည်။ သော့တစ်ချောင်းခိုးထားတာ ဘယ်သူလဲ၊ သော့ခိုးထားသူပဲ လက်ဖက်ခိုးစားသူ ဖြစ်ရမည်ဟု ကျောင်းသားများ တွက်ထားကြသည်။ သည်လိုနှင့် တစ်လလောက်အတွင်း အခါများစွာ လက်ဖက်များ ပျောက်နေခဲ့တော့သည်။


“ဒေါင်” “ဒေါင်” “ဒေါင်”

ကျောင်းသားအားလုံးကို ဆရာတော် ခေါ်လေပြီ။ ကျောင်းသားအားလုံး စုံသောအခါ ဆရာတော် စကားမပြောဘဲ ငြိမ်နေသည်။ ခဏမျှငြိမ်နေပြီးနောက် အသံထွက်လာသည် “ပေတိုးရေ ဒုက်ယူခဲ့ကွယ်”။

ပေတိုး၏ ကျိတ်ပြုံးလေး အသက်မစေ့လိုက်ပါ။ မျက်ရည်နှင့်မျက်ခွက် ပေတိုးခမျာ သနားစရာ။ ဆောင့်ကြောင့်လည်း မထိုင်နိုင်ရှာတော့။ ခွေခွေလေးပုံလျက်သား။ တံတောင်ဆစ်များကိုသာ အားပြုနေရသည်။ ဆရာတော်သည် အတန်ငယ်ကြာ နှုတ်ဆိတ်နေပြီးမှ စားပွဲပေါ်က အရာတစ်ခုကို ပေတိုးရှေ့သို့ ပစ်ချလိုက်သည်။ ခေါင်းငုံ့နေသော ကျောင်းသားတွေမျက်လုံး ပေတိုးရှေ့က အရာဆီသို့ စုရုံးရောက်ရှိသွား၏။ သော့။ ပျောက်သွားသည့်သော့။ စတိုခန်းသော့။

ထိုနေ့မှ စ၍ လက်ဖက်မပျောက်တော့။ စားစရာမှန်သမျှ မပျောက်တော့။ သော့နှစ်ချောင်းလုံးကို ပေတိုးအားအပ်လိုက်ပြီး စားစရာတစ်ခုခုပျောက်လျှင် ပေတိုးတာဝန် သတ်မှတ်လိုက်သည်။ လက်ဖက်သူခိုး မောင်ပေတိုး သူခိုးစားခဲ့သမျှ အတိုးချ၍ စောင့်ရှောက်ရတော့သည်။

လက်ဖက်သခိုး မောင်ပေတိုး၏ ဇာတ်လမ်းကို ဆရာတော်က သာရေးနာရေးတို့တွင် ကြုံလျှင်ကြုံသလို ထည့်ထည့်ပြောပြလေ၏။ ထိုနယ်တ၀ိုက်တွင် ပေတိုးဆိုလျှင် မသိသူ မရှိသလောက်ပင် ဖြစ်သွား၏။ ထို့ပြင် ရှေ့တွင် မကြိုက်ဟန်ဆောင်ကာ နောက်မှာ ခိုးစားတတ်သူများ ၊ ရှေ့တွင် ရိုးသားဟန်ဆောင်ကာ နောက်မှာ ကမျဉ်းကြောထတတ်သူများကို “ပေတိုး”ဟု ဂုဏ်တပ်ကာ ထိုအရပ်ဒေသမှာ ခေါ်စမှတ်ပြုကြလေသည်။

ပေတိုးများမဖြစ်ကြပါစေနှင့်
မောင်ပဉ္စင်း

Friday, 2 November 2012

ဖိုးသူတော်သို့ စိန်ခေါ်သံ

စကားကငယ်၊ နားကကျယ်၊ နားဝယ်မနှံ့ ဖြစ်တတ်၏။
စကားကထည်၊ နားကငယ်၊ နားဝယ်မဆံ့ ဖြစ်ချေ၏။


ဝိုးတ၀ါးမှတ်မိနေပါသေးသည်။ ကိုယ်ရင်ဘ၀ ဦးဥတ်ကျော်(ရှင်ဥတ္တမကျော် လူပျံတော်)ရဲ့ သာသန၀ုဍ္ဎိကရဓမ္မကထိကသင်တန်း အရူးအနှမ်းအပြောခံကာ သွားတက်ခဲ့တာ။ မစိုးရိမ်တိုက်သစ်မှ ဘုရားကြီး ညောင်ကန်ကျောင်းတိုက်အနီး သီတာအေးရပ်ကွက်သို့ တစ်ပတ်တစ်ခါ သွားသွားတက်ရသည်။


(ကိုရင်ဘ၀ သာသန၀ုဍ္ဎိကရဓမ္မကထိကသင်တန်း ဒုတိယဆင့် ၀င်ရောက်ယှဉ်ပြိုင်စဉ်)


ထိုစဉ်က မန္တလေးတိုင်း ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်ကလည်း စကားပြောနည်း လာသင်ပေးသည်။ ယခုထိ မှတ်မိနေသေးသည်မှာ အထက်ပါ လင်္ကာစာကြောင်းလေးများသာ။ သုတနည်းသူများနှင့် တွေ့လျှင် အထူးသဖြင့် တောသူတောင်သား စားဖတ်အားနည်းသူများကို စကားလုံးတွေ အကျယ်ချဲ့ပြီး စကားကြီးစကားကျယ် မပြောရန် ဖြစ်သည်။ သုတများသူများကိုမူ စကားလုံးအသုံးအနှုန်းနှင့် လေယူလေသိမ်းကအစဆင်ခြင်ပြီး လူတန်းစားအလိုက် အကြောင်းအရာကိုပါ ရွေးချယ်ပြောဆိုတတ်ရမည်ဟု မှတ်သားခဲ့ရသည်။ ယခုခေတ်တွင် လူနေမှုအဆင့်အတန်း တဖြည်းဖြည်း မြင့်တက်လာနေသည့်အတွက် ရဟန်းတော်များအဖို့ မိမိတို့၏ စကားများ အရာဝင်ရေး ကြားမြင်သုတကိုမြှင့်ပေးနိုင်မှ တော်ကာကျပေတော့မည်။ သို့သော် စကားနှင့်နား အပေးအယူ ညီမျှရန်ကား သတိထားသင့်ပေသည်။

စကားနှင့်နား မကိုက်ညီလျှင် ပြောသူရောနားထောင်သူပါ အကျိုးမဲ့ဖြစ်ရတတ်သည်။ ဆရာများထံမှ ကြားခဲ့ရဖူးပါသည် ဖိုးသူတော်လောက် အရာမရောက်ခဲ့သည့် ပညာရှင်မထေရ်ကြီးအကြောင်း။

ကျောင်းအမကြီးတစ်ဦးသည် ကျောင်းကိုနေ့စဉ်မပြတ် ဆွမ်းဝတ်ပို့လေ့ရှိ၏။ ဆရာတော်ကြီးထံ ဆွမ်းအုပ်ကိုကပ်ပြီး ဆွမ်းစားကျောင်းမှာ ကိုယ်တိုင် လဲလှယ်ထည့်ခဲ့ပြီးမှ ပြန်လေ့ရှိသည်။ ကျောင်းအမကြီး နေ့စဉ်နှင့်အမျှ မြင်တွေ့နေရသော ဆွမ်းစားကျောင်းအတက် စောင်းတန်းတစ်ဖက်မှာ ချိတ်ဆွဲထားသည့် ပန်းချီးကားကြီးတစ်ချပ် ရှိသည်။ သုမေဓာဗျာဒိတ်ယူခန်း ပန်းချီကားချပ် ဖြစ်သည်။ ကျောင်းအမကြီး၏ စာပေအသိမှာ မရှိသလောက်ဖြစ်ဟန်တူသည်။ ပန်းချီကားကြီးကိုကြည့်ပြီး နောက်ခံပုံဝတ္ထုတော့ ရှိလိမ့်မည်ဟု တွေးဆမိလေသည်။ ပန်းချီကား၏ နောက်ခံဇာတ်ကြောင်းကို သိချင်နေခဲ့သည်။ ဇာတ်ကောင်တွေကို စိတ်ဝင်စားနေခဲ့သည်။ သူများတွေကိုလည်း မမေးချင်၊ မေးလျှင် ကျောင်းအမ သိက္ခာကျမည်ပေါ့။ ဆရာတော်ကြီးကို မေးလျှောက်ကြည့်ရမှာလည်း မ၀ံ့မရဲမို့ မျိုသိပ်လို့သာ နေခဲ့ရရှာသည်။ တစ်နေ့တော့ဖြင့် အရဲစွန့်၍ မေးအုံးမည်ဟုကား စိတ်ထဲကမှန်းထားသည်။ သည်လိုနှင့် ရက်လနှစ်ပေါင်း ကြာညောင်းလာခဲ့သော်လည်း သိလိုစိတ် ကျိတ်အခဲကိုကား မဖြေဖျောက်နိုင်ခဲ့။

တစ်နေ့တွင် ဆွမ်းစားကျောင်းအတက် တံမြက်စီလှည်းနေသော ဖိုးသူတော်ကို တီးတိုးမေးလိုက်မိလေသည်။
"ဦးသူတော် ဒီပန်းချီကားအကြောင်း သိရင် ကျောင်းအမကြီးကို ရှင်းပြပေးစမ်းပါ"။ " ကျောင်းအမကြီးကလဲ သိတာပေါ့။ အဲဒါ ဟိုးရှေးတုန်းက ထန်းလျက်ခိုးစားတဲ့ ကိုယ်တော်ကို ကျောင်းထိုင်ဘုန်းကြီးနဲ့ ကျန်တဲ့ကိုယ်တော်တွေက ဒဏ်ခတ်တဲ့အနေနဲ့ တက်နင်းမလို့လုပ်နေတာ။ ဘေးနားမှာပန်းတွေကိုင်ပြီး ရပ်နေတဲ့ ဒကာမကြီးက အဲဒီအချိန်တုန်းက ကျောင်းအမပေါ့။ ကျောင်းအမက ဒဏ်ခတ်ခံရမယ့်ကိုယ်တော်ကိုကြည့်ပြီး သနားလို့ ဖော့ဖော့နင်းဖို့ တောင်းပန်နေတာလေ" ဟု ပညာကျော်ဦးသူတော်က ရှင်းပြလိုက်ရာ ကျောင်းအမကြီးခမျာ မျက်ရည်များပင် ကျရှာလေသည်။ ၀မ်းလည်းသာ စိတ်လည်းဆိုးရသည်။ ပန်ချီကားအကြောင်း သိသွားရ၍ ၀မ်းသာ၏။ ဒီလောက်ပြောပြရလွယ်တာကို ဆရာတော်ကြီးက တစ်ခါမျှ မပြောပြခဲ့၍ စိတ်ဆိုးလေ၏။ ကျောင်းလည်းလှူ သူနေ့စဉ်လည်းဆွမ်းပို့နေသည်ကိုမျှ  ဒါလေးတောင်အလိုက်သိ ရှင်းမပြရကောင်းလားဟု မကျေမနပ်ဖြစ်လေသည်။ ကျောင်းအမကြီး သူ၏မကျေနပ်ချက်ကို ထိန်းရခက်လေပြီ။ ခြေလှမ်းများက ဆရာတော်သီတင်းသုံးရာ ကျောင်းဆောင်သို့ သုတ်ခြေတင်လေပြီ။ ရင်ဖွင့်တော့မည်။ ဆရာတော်ကို နေနိုင်သူကြီးအဖြစ် အပြစ်ဖို့တော့မည်။ စိတ်ထဲက အခဲမကျေမှုသည် ဘာကိုမှ ဂရုမပြုနိုင်တော့ဟန်နှင့်။ သို့သော် ဆရာတော်ရှေ့ရောက်၍ “ဘာတုန်း ဒကာမကြီး” အသံကြားလိုက်ရသည်နှင့် ကြောက်စိတ်က ၀င်လာပြန်တော့သည်။ မထူးတော့ပြီ လျှောက်တော့မည်ဟု အားခဲကာ အစချီလိုက်သည် “တပည့်တော်မ ဟိုဆွမ်းစားကျောင်း အတက်က ပန်းချီပုံအကြောင်း သိချင်နေတာ ကြာပြီဘုရား...အဲဒါ..” ။ ကျောင်းအမကြီးက တစ်ခါမှ မပြောပြလို့ သူမကျေနပ်တဲ့အကြောင်း၊ ဖိုးသူတော် ရှင်းပြလို့ သိပြီဆိုတဲ့အကြောင်းများဖြင့် ဆရာတော်ကြီးကို အပြစ်တင်ရန် စကားပျိုးခြင်းဖြစ်သည်။ သို့ရာတွင် ဆရာရှင်က စကားမြွက်ဟလာ၍ ရပ်လိုက်ရသည်။ “အော် ဒကာမကြီး မသိရင် အစောက လာမေးလို့ရတာပဲ၊ ဒကာမကြီးသိတယ်ထင်လို့ ဘုန်းကြီးက ရှင်းမပြတာ။ ကဲ ပြောပြမယ် သေချာနားထောင်။ အဲဒီပန်းချီကားက သုမေဓာဗျာဒိတ်ခံယူခန်းကို ပုံဖော်ထားတာပဲ ဒကာမကြီး။ အခုဘုန်းကြီးတို့ ကမ္ဘာကနေ ပြန်ရေတွက်ရင် ကမ္ဘာတစ်သိန်းအလွန်ရှိတဲ့ လေးသင်္ချေလောက်က ဘုရားအလောင်းတော်ဟာ သုမေဓာအမည်ရှိတဲ့ ရသေ့တစ်ပါး ဖြစ်ခဲ့တယ် ဒကာမကြီး...”ဟု အစချီကာ ဘုရားလောင်း သုမေဓာရှင်ရသေ့ ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်းမှာဝပ်စင်း တံတားခင်းလျက် ဘုရားဖြစ်မည့်သူဟူသည့် နိယတဗျာဒိတ် ခံယူခန်းကို စာသံပေသံဖြင့် ကျမ်းဂန်လာအတိုင်း အကျယ်ချဲ့ကာ မိန့်ပါလေတော့သည်။ ကျောင်းအမကြီးမှာ နားသာထောင်နေရသည် စိတ်မပါ။ လေးသင်္ချေ , ကမ္ဘာတစ်သိန်း စကားလုံးတွေကြားရတည်းက နားမလည်ခဲ့ခြင်း ဖြစ်သည်။ ထမသွားရဲ၍သာ ထိုင်နေရသည်။ စိတ်က ထပြန်ချင်နေပြီ။ ဆရာတော်ကြီးစကားတွေ နားထဲမရောက်၊ ကျောင်းအမကြီးစိတ်က ထန်းလျက်ခိုးစားသည့်အတွက် ဒဏ်ခတ်သည့်ပုံပြင်ကိုသာ တွေးမြင်နေလေသည်။ ဆရာတော်ကြီးက ရှင်းပြအပြီးတွင် “ကဲ နားလည်သွားပြီလား ဒကာမကြီး” ဟုမေးရာ “ နားမလည်ဘူး ဘုရား။ ဘာတွေပြောနေမှန်းမသိဘူး။ ဘုန်းကြီးပြောတာ ရှုပ်နေတာပဲ။ ဖိုးသူတော်လောက်တောင် မရှင်းဘူး။” ဟု ပြောပြောဆိုဆိုနှင့် ကန်တော့ကာ ထိုင်ရာမှထပြန်သွားလေသည်။

ထို့အတူပင် ယခင်ယခု အခါများမှာလည်း စကားနှင့်နား လွဲသွားရသည်များ တွေ့ရကြုံရတတ်ပေသည်။ တစ်ခါက မန္တလေးမှာ မဟာစည်ဆရာတော်ဘုရားကြီး နှင့် ဦးလှသိန်းတို့ ရှေ့ဆင့်နောက်ဆင့် တရားဟောကြရာ တရားပွဲအပြီး အပြန်လမ်းတွင် မိန်းကလေးတစ်ယောက်က “အရင်ဟောတဲ့ ဆရာတော်ကြီးက ဘာတွေပြောနေမှန်းလဲ မသိဘူး၊ တရားမဟောဘဲ စကားတွေပဲလျှောက်ပြောနေတာ အကြာကြီးပဲ၊ ဦးလှသိန်းလို ဟောတာလဲမဟုတ်ဘူး၊ ဦးလှသိန်းဟောတဲ့ တရားကမှ နားထောင်လို့ကောင်းတာ” ဟု သူ့အမေကို ပြောနေသံ ကြားခဲ့ရကြောင်း အရှင်ကုလိသ(ရွှေစည်)က “ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီး ဖြတ်သန်းလာခဲ့သော သာသနာခရီးတလျှောက်” စာအုပ်တွင် ဖွင့်ဟခဲ့သည်။ ယခုအခါတွင်လည်း သည်ကဲ့သို့ စကားများ ကြားရနိုင်ပါသည်။ ရဟန်းများအနေဖြင့်လည်း ခေတ်နှင့်လျှော်ညီစွာ လူတို့နားနှင့်ရဟန်းစကား စကားနှင့်နား အပေါက်အလမ်းတည့်အောင် ပြောဆိုနိုင်ပါမှ သာသနာအဆိုအမိန့်များကို လက်ဆင့်ကမ်းသောအခါ လူတို့နားလည်လက်ခံနိုင်မည်ဖြစ်သည်။ ထို့ကြောင့် မျက်စိကိုဖွင့် နားကိုစွင့်ထားရမည်။ ပညာကို စွမ်းနိုင်သမျှ ဆည်းပူးရမည်။ ပညာရှာခြင်းဖြင့်သာ အချိန်ကိုတန်ဖိုးရှိရှိ အသုံးချထားပါမှ လောကကြီးက ကျေကျေနပ်နပ် လက်ခံထားပေလိမ့်မည်။ သို့မဟုတ်လျှင် လူတို့သည် ကျောင်းအမကြီးကဲ့သို့ ဖိုးသူတော်ကိုပင် အဟုတ်ထင်နေကြပေတော့မည်တည့်။

စကားပြောကောင်းသူ ဖြစ်မလာနိုင်စေကာမူ စကားနှင့်နား လွဲချော်မှုများ နည်းပါးရလေအောင် သာသနာ့တက္ကသိုလ်တွင် မြန်မာစာသင်ယူစဉ်က လေ့လာမှတ်သားခဲ့ရသည့် ဦးတင်အောင်ရေးသားသော “စကားလိမ္မာ အောင်မြင်ရာ” စာအုပ်မှ စကားပြောကောင်းသူတို့၏ အရည်အသွေးများကို မျှဝေလိုက်ပါသည်။

“စကားပြောကောင်းသူတို့၏ အရည်အသွေး (၁၄)ချက်”
(၁) သူများစကားပြောသည်ကို ငြိမ်သက်စွာ နားထောင်ခြင်း
(၂) ဝေါဟာရအသုံး ကြွယ်ဝခြင်း
(၃) သာယာချေငံစွာ ပြောဆိုတတ်ခြင်း
(၄) မိတ်ဆွေကဲ့သို့ ရင်းနှီးစွာ ပြောဆိုတတ်ခြင်း
(၅) နားထောင်သူအား ပြောဆိုခွင့်ပေးခြင်း
(၆) အချက်အလက်တို့ကို စည်းလုံးမှုရှိအောင် ပြောဆိုတတ်ခြင်း
(၇) သဒ္ဒါမှန်ကန်အောင် ပြောဆိုတတ်ခြင်း
(၈) ရယ်ရွှင်ဖွယ် ကြားညှပ်၍ ပြောဆိုတတ်ခြင်း
(၉) တိုတိုနှင့်လိုရင်း ပြောတတ်ခြင်း
(၁၀) အေးဆေးစွာ ပြောတတ်ခြင်း
(၁၁) စိတ်ထက်သန်စွာ ပြောတတ်ခြင်း
(၁၂) ရပ်ဆိုင်းသင့်သည့်အခါ ရပ်ဆိုင်း၍ ပြောတတ်ခြင်း
(၁၃) စိတ်ဝင်စားဖွယ်ကောင်းသောစကားများ ပြောတတ်ခြင်း
(၁၄) အကူအညီပေးတတ်သော အကြံဥာဏ်များ, အပြုသဘောဆောင်သော အကြံဥာဏ်များ ပေးတတ်ခြင်း တို့ဖြစ်သည်။



ဆရာတော်ကြီးလိုတတ်၍ ဖိုးသူတော်လိုရှင်းနိုင်ကြပါစေ

မောင်ပဉ္စင်း

Thursday, 18 October 2012

ဒင်းကြောင့်တော့ အိုးမကွဲစေချင်

အိုးမဖုတ်ခင် အိုးလုပ်စဉ်ဝယ်
အိုးတွင်ခပ်နှိပ် တံဆိပ်မှတ်ကား
မပြတ်မစဲ အိုးပင်ကွဲလည်း
အမြဲတစေ တည်ရှိနေသို့
ထိုထိုသွေးသား ကလေးများ၌
ဘုရားတံဆိပ် ဘာသာစိတ်ကို
ခပ်နှိပ်နိုင်မှ သက်ဆုံးကျအောင်

ဗုဒ္ဓ၀ါဒီ စွဲ၍တည်မည်
ကိုယ်စီခပ်နှိပ်စေသတည်း။
[အိုးတွင်နှိပ်ခပ်၊ တံဆိပ်မှတ်ကား...ထွေထွေသွေးသား
(ဗုဒ္ဓဘာသာသင်ခန်းစာ နှာ-၅)]
 

မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး၏ လင်္ကာလေးကို ငယ်ငယ်က ကျက်မှတ်ခဲ့ဖူးသည်။ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့ ကျွန်ုပ်တို့ ဘာလုပ်ရမည်ဆိုသည်ကို ဆရာတော်က ညွှန်ပြပေးခဲ့သည်။ အိုးများမီးမဖုတ်ခင် ကိုယ်လိုသလို ပုံပန်းစာများ ရေးထိုးထားလျှင် မီးဖုတ်ပြီးနောက် ကွဲကြေသွားသော်တောင်မှ ထိုပုံပန်းစာများ ပျက်စီးမသွားနိုင်သလို ကလေးများ အရွယ်မရောက်မီ ငယ်ရွယ်စဉ်အခါတည်းက ဗုဒ္ဓဘာသာတံဆိပ်ကို ခပ်နှိပ်ပေးထားလျှင် လူလားမြောက်၍ အရွယ်ရောက်သည်မှ ခန္ဓာပျက်ကြွေ သဆုံးသည့်တိုင် ဘာသာရေးအသိ ဘာသာရေးစိတ်ဓာတ် ခိုင်မာစွာ ရှိနေနိုင်သည်ကို ဖော်ကျူးထားခြင်းဖြစ်သည်။

ကျွနုပ်တို့ ငယ်စဉ် (၁၉၈၀ ကျော်)က နွေရာသီကျောင်းပိတ်ရက်များတွင် ရပ်ရွာဘုန်းတော်ကြီးကျောင်းများ၌ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများ ဖွင့်လှစ်သင်ကြားကြသည်။ မြို့ပြများတွင်လည်း အချို့သော ဘုန်းတော်ကြီးကျောင်းများ၌ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများ ဖွင့်လှစ်သင်ကြားကြသည်။ (၁၉၉၀)နှင့် နောက်ပိုင်းတွင် ကျေးလက်တောရွာအတော်များများ၌ ယဉ်ကျေးမှုသင်တန်းများ မှေးမှိန်နေခဲ့သည်။ မြို့ပြများတွင်လည်း တက်ရောက်သူ ကလေးလူငယ်ဦးရေ နည်းလာခဲ့သည်။ အတန်းကျောင်းပညာရေးဘက်တွင်သာ အလေးပေးလာခဲ့သဖြင့် ကျူရှင်များ ကလေးထိန်းကျောင်းများ ရေပန်းစားလာခဲ့ခြင်းကြောင့် ဖြစ်မည်ထင်သည်။ ဆယ်စုနှစ်အလွန် (၂၀၁၀)လောက်တွင် ကလေးလူငယ်များ ဘာသာရေးကို ပြန်လည်အလေးထားလာပြန်သည်။ လောဘ ဒေါသ မောဟမီးများ တဟုန်းဟုန်း တောက်လောင်ပြီး ကမ္ဘာလောကကြီး ပူနွေးလာသည့်အတွက် ဖြစ်မည်။ လူကြီးမိဘများကိုယ်တိုင်ပင် ဘာသာရေးအသိဖြင့် စိတ်ငြိမ်းချမ်းမှု ရယူနိုင်သည်ကို သတိမူလာခဲ့ကြသည်။ ဘာသာရေးကပေးသော အလေ့အကျင့်များဖြင့် လာကဇာတ်ခုံပေါ်မှာ ချွးယိုစီးမှုနှုန်းကို လျှော့ချနိုင်ကြောင်း ကိုယ်တိုင်ကိုယ်ကျ တွေ့ရှိလာကြသည်။ ယဉ်ကျေးမှုသင်တန်းသည် ကလေးတစ်ယောက်အတွက် တက်ရောက်သင်ယူစဉ်အခါက အရေးမပါလှဟု ထင်ရသော်လည်း အရွယ်ကြီးရင့်လာသောအခါ သိသိသာသာအကျိုးထူးရှိကြောင်း သိရပေမည်။

ကိုးကွယ်မှုဆိုင်ရာ မည်သည့်ဘာသာတိုင်း၌ ဘာသာရေးအသိအမြင်ရှိသူနှင့် ဘာသာရေးအသိအမြင်မရှိသူ လူဝင်ဆံ့မှုခြင်း ကွာခြားသည်။ လူဝင်ဆံ့မှုစွမ်းရည် တူနေလျှင်သော်မှ လူတောတိုးစွမ်းရည် မတူညီနိုင်။ ဘာသာရေးအသိအမြင်ရှိသူသည် သူ့မှာ အားကိုးရှိသည်ဟု ယုံကြည်ထားသည်။ သို့အတွက် လူပုံအလယ်တွင် ဖြစ်စေ ရဲဝံ့သည်။ ပြတ်ပြတ်သားသား ပြောဆိုလုပ်ကိုင်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် လုပ်လျှင် လုပ်သလောက် ဖြစ်မြောက်သည်။ ကံ ဥာဏ် ၀ိရိယ အစွမ်းရှိသလောက် ထွန်းပေါက်အောင်မြင်သည်။ ဘာသာရေးအသိအမြင်မရှိသူသည် သူ့တွင် တစ်ခုခုလိုအပ်နေသည်ဟု ခံစားနေရသည်။ ရာထူး အာဏာ ပညာ စည်းစိမ် ဂုဏ်အရှိန်များ မည်မျှမြင့်မောက်နေသော်လည်း လူပုံအလယ်မှာ မ၀ံ့မရဲသာ ဖြစ်ရတတ်သည်။ အပြုအမူ အပြောအဆိုများ ပြတ်သားမှုအားနည်းတတ်သည်။ သို့အတွက် မည်မျှကြိုးစားသော်လည်း လူအများ၏ ယုံကြည်မှုကို အပြည့်အ၀ မရရှိနိုင်။ ကံ ဥာဏ် ၀ိရိယ စွမ်းအားများ၏ အသီးအပွင့်များသည်လည်း အပြည့်အ၀ မချိုမြ မလှပနိုင်တော့။ လူသားတစ်ယောက်၏ ဘ၀သက်တာ သာယာငြိမ်းချမ်းရေးကို ဘာသာရေးအသိအမြင်ဖြင့်သာ ရယူခံစားနိုင်သည်။ လောကအငွေ့အသက်များနှင့်အတူ ပူလောင်အိုက်ပြုတ်နေသော စိတ်ကျပ်တည်းမှုဒဏ်ကို လျော့ကျသွားစေရန် ဘာသာရေးလေပြည်အေးကသာ ဖေးမကူညီနိုင်ပေသည်။

ဗုဒ္ဓဘာသာဝင်များအတွက်ဆိုလျှင် ဘာသာအသိဥာဏ် ရရန်အတွက်ပင် အခြေခံရှိထားဖို့ လိုအပ်နေသေးသည်။ ယင်းမှာ အခြေခံ
ဗုဒ္ဓဘာသာယဉ်ကျေးမှုပင် ဖြစ်သည်။ ဘာသာတရားက ဆုံးမသော ယဉ်ကျေးမှုသဘောတရား အခြေခံရှိထားမှ ဘာသာရေးအသိအမြင်ကို ဆက်လက်ရရှိနိုင်သည်။ ဥပမာသာဓက အနည်းငယ်ထုတ်ပြရလျှင် ငယ်စဉ်အခါက

“သော ဘဂ၀ါ ဣတိပိ အရဟံ = ဆိတ်ကွယ်ရာ၌ မကောင်းမှုကို မပြု ဖြစ်မှုကြိမ်ဖန် အတန်တန်လည်စေတတ်သော သံသရာစက်၏ အကန့်အကွက်တို့ကို ချိုးဖဲ့ဖျက်ဆီးတော်မူတတ် လူနတ်ဗြဟ္မာ သတ္တ၀ါအရပ်ရပ် မြတ်ထက်မြတ်တို့ ဆည်းကပ်ကော်ရော် ညွတ်ပူဇော်အပ် မြတ်သောအလှူကို ခံတော်မူတတ် ဤသို့သောဂုဏ်သကတ်ကြောင့် အရဟံ(အရဟ)မည်တော်မူ၏။

သော ဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ = သစ္စာလေးတန် တရားမှန်ကို မဖောက်မပြန် မှန်ကန်စွာ ကိုယ်တော်တိုင်သိတော်မူတတ် ဤသို့သောဂုဏ်သကတ်ကြောင့် သမ္မာသမ္ဗုဒ္ဓေါ (သမ္မာသမ္ဗုဒ္ဓ)မည်တော်မူ၏။” စသည်ဖြင့် ယဉ်ကျေးမှုစာပေအချို့ကို ကျက်မှတ်ခဲ့ရသည်။ ယဉ်ကျေးမှုစာ ဘယ်လောက်ရသည်ဟု ပြောစရာစကားရ၍ ကျေနပ်ရုံမျှသာ၊ နားလည်တွေးမြင်နိုင်စွမ်းမရှိသေးသည့် ကလေးပီပီ တခြားဘာသာတရားဆိုင်ရာ ဘာအသိ ဘာခံစားမှုမျှ မရှိ။ သို့သော် အရွယ်လေးရလာချိန်တွင် ငယ်ငယ်ကရခဲ့သော စာပေလေးများကို အသံထွက်ကြည့်ကာ အရသာတွေ့ရတတ်သည်


 “အော် ... ဒို့ကျက်ခဲ့ရတဲ့အထဲက ဒါလေးတွေက မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ပြောတာပါလား၊ မြတ်စွာဘုရားရှင်ဟာ မမြင်ကွယ်ရာမှာတောင် မကောင်းတာ မလုပ်ဘူး၊ ငါတို့လဲ အဲဒီလိုနေနိုင်ရင် ကောင်းမှာပဲ၊ မြတ်စွာဘုရားရှင်ဟာ ငါတို့တတွေ ကြုံတွေ့နေရတဲ့ လောကရဲ့ ဆင်းရဲပူပန်မှုတွေကို သိပြီး ၀လောက သံသရာကြီးထဲက ထွက်မြောက်နိုင်အောင် ကြိုးစားသွားခဲ့တာပဲ၊ အဲဒါကြောင့်လဲ အားလုံးက ပူဇော်ကြလို့ အရဟံ(အရဟ)ဂုဏ်ရှင်လို့ စာတင်လောက်အောင် ကျော်ဇောတာပါပကောလား”
 

“အော် …ဆင်းရဲဒုက္ခ ၊ လိုချင်တပ်မက်မှု လောဘ၊ ဆင်းရဲကင်းတဲ့နိဗ္ဗာန်၊ နိဗ္ဗာန်ဓာတ်သဘောကို ရနိုင်တဲ့နည်းလည်း… အဲဒီသဘာဝအမှန်တရား သစ္စာလေးပါး လောကကြီးမှာ ရှိနေတာကို မြတ်စွာဘုရားရှင် သိမြင်အောင် ကြိုးစားနိုင်ခဲ့တာပါလား။ လိုချင်တပ်မက်မှု လောဘသဘောတရားက ဆင်းရဲမှုတွေ ပေးတတ်တာ၊ ဆင်းရဲကင်းတဲ့ နိဗ္ဗာန်ဆိုတဲ့သဘောတရားကို မဂ္ဂင်ရှစ်ပါး အကျင့်တရားကိုကျင့်ရင် ရနိုင်တာပဲ အော် ငါတို့ဆရာ မြတ်စွာဘုရားရှင်ဟာ ဒီသဘောတရားကို သိမြင်ခဲ့လို့သာ သမ္မာသမ္ဗုဒ္ဓေါ (သမ္မာသမ္ဗုဒ္ဓ)ဂုဏ်ပုဒ်နဲ့ ကျော်ကြားခဲ့တာပါကောလား” စသည်ဖြင့် စာအဓိပ္ပါယ်ကို ဘ၀အမြင်များနှင့် နှိုင်းချိန်တွေးသိလာပါမှ ဘာသာရေးအသိအမြင်ရှိလာသည်ဟု ဆိုနိုင်သည်။

ထိုကဲ့သို့ ဘာသာရေးအသိအမြင်ရှိလာသူသည် ဘာသာတရားက သင်ပြပေးသော အဆုံးအမများကို စွမ်းနိုင်သမျှ လိုက်နာကျင့်သုံးသွားပေမည်။ အလေ့အကျင့်ဖြင့် အဆင့်ဆင့် ကြိုးစားလိုက်နာကျင့်သုံးလိမ့်မည်။ အသိအမြင်ရပြီးနောက် လက်တွေ့ကျကျ ကျင့်သုံးမှသာ ဘာသာတရားတစ်ခု၏ အနှစ်သာရအစစ်ကို တွေ့နိုင်သိနိုင်သည်။ အနှစ်သာရကိုသိပါမှ ကောင်းမကောင်း ဆုံးဖြတ်နိုင်သည်။ ကောင်းမှန်းသိပါမှ ဆက်လက်ကျင့်သုံးချင်မည်။ ဆက်လက်ကျင့်သုံးခြင်းဖြင့် ပန်းတိုင်သို့ ရောက်နိုင်သည်။ ဘာသာတရားတစ်ခု၏ ပန်းတိုင်ကို ဤနည်းအတိုင်း အရောက်လှမ်းရသည်။ သို့ဆိုလျှင် ဘာသာတရားတစ်ခု၏ အခြေခံယဉ်ကျေးမှုသည် ယင်းဘာသာတရား၏ အနှစ်သာရကို သိရှိခံစားနိုင်ရုံမျှမက ပန်းတိုင်သို့ပင် ပို့တင်နိုင်တော့သည်။ ပန်းတိုင်သို့ပင် ပို့တင်နိုင်သော ဘာသာတရား၏ အခြေခံယဉ်ကျေးမှုကို အရွယ်မတိုင်မီ ခပ်နှိပ်ထားနိုင်မှ တော်ကာကျပေမည်။ အိုးဖြစ်ပြီးခါမှ တံဆိပ်ခပ်နှိပ်လျှင် မလှပနိုင်တော့ပြီ။ ထို့ပြင် အချို့သော နည်းလမ်းမကျသည့် ခပ်နှိပ်မှုမျိုး ခံရပါက ထိခိုက်နာကျင်ရမည်။ မိုးလိုက်ရွာလျှင် ယင်းနည်းလမ်းမကျသော ခပ်နှိပ်မှုကြောင့် ကွဲကြေရပေလိမ့်မည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မိမိတို့၏ ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးမှုကို ဦးစွာသင်ယူသင့်ပါသည်။ သင်ယူပြီးသောအခါ နားလည်သဘောပေါက်အောင် လေ့လာပြီး 
ဗုဒ္ဓ၏ အဆုံးအမများကို ကိုယ်တိုင်ကျင့်သုံးကြည့်သင့်ကြောင်း တင်ပြတိုက်တွန်းလိုက်မိပါသည်။

မောင်ပဉ္စင်း

Friday, 7 September 2012

စီထိုင်းမြန်မာလုပ်သားလုပ်ငယ်များအဖွဲ့






I love this group for they promise to be..... စတင်အခြေပျိုးနေပြီဖြစ်သော ထိုင်းနိုင်ငံ စီထိုင်းမြန်မာလူငယ်အဖွဲ့ကို နွေးထွေးသော အပြုံးပန်းများနှင့် အတူ တွေ့ခဲ့ရသည်။ သူတို့တတွေက ပညာရေး ကျန်းမာရေး စတာတွေကို တက်ညီလက်ညီ ဆောင်ရွက်သွားဖို့ အစပျိုးနေကြပါတယ်။ မကြာခင်အချိန်အတွင်းမှာ ဘာတွေလုပ်မယ်ဆိုတာကို သိရလိမ့်မယ်လို့ ယုံကြည်နေမိပါတယ်။ လောလောဆယ် စာရွက်စာတမ်းနဲ့ မစခင်မှာ ပညာရေးကို စုပေါင်းမြင့်တင်နေကြပါတယ်။
သူတို့တတွေက ကူညီစွမ်းဆောင်ပေးနိုင်မယ့် ရဟန်းတော်ကို တမ်းတနေကြပါတယ်။ ဥိးဇင်းကိုလည်း လက်ကမ်းကြိုဆိုခဲ့ပါတယ်။ ဦးဇင်းလည်း ကူညီစွမ်းဆောင်ပေးချင်ပါတယ်။ ဒါပေမယ့် ဦးဇင်းရဲ့အခြေအနေက အောင်မြင်အောင်စွမ်းဆောင်ပေးနိုင်တဲ့ အနေအထားမှာ မရှိသေးပါဘူး။ ပြီးတော့ ထိုင်းမှာ မြန်မာရဟန်းတော်တစ်ပါး သီခြားနေရာရဖို့ဆိုတာ တကယ်မလွယ်ကူပါဘူး။ အဲဒီအတွက် သူတို့အနီးနားမှာ နေဖို့ အခက်တွေ့ရပါတယ်။ သူတို့နားမှ မနေနိုင်ဘဲ စွမ်းဆောင်ပေးပါ့မယ်လို့ ယတိပြတ်မပြောနိုင်ခဲ့ပါဘူး။ နောက်တော့ ဖြစ်နိုင်မှာပါလို့ စကားထားခဲ့ရပါတယ်။ အပြန်မှာ စာအုပ်တွေ လှူခဲ့ဖို့ ဆန္ဒပေါ်လာတာကြောင့် ဘန်ကောက်ကနေ သူတို့ကို ဆက်သွယ်ခဲ့ပါသေးတယ်။ စာအုပ်တွေထားခဲ့တဲ့ နေရာကို ဆက်သွယ်ကြည့်တော့ လူကပျောက်နေပြန်တယ်။ စာအုပ်တွေလည်း ဘယ်ရောက်မှန်း မသိပါဘူး။ အရေးကြီးတဲ့စာအုပ်လေးတွေကို တစ်နေရာမှာ ထားခဲ့နိုင်လို့ တော်ပါသေးတယ်။ မြန်မာဒကာဒကာမတွေ ဖတ်ဖို့ရာ စာအုပ်တွေလှူခဲ့ချင်တာ မလှူခဲ့နိုင်ပါဘူး။ စွမ်းဆောင်နိုင်တဲ့အချိန်မှာ သွားရောက်ပြီး တစ်ခုခု လုပ်ပေးချင်ပါသေးတယ်။ မြန်မာတွေ အောင်မြင်စေချင်တဲ့ ဆန္ဒနဲ့ပါ။

စီထိုင်းမြန်မာတွေ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ

Thursday, 6 September 2012

သမထဈာန်ရဆရာတော်ဟု ဟိုးလေးကျော်သော ဆရာတော်ဦးတေဇိန္ဒမဟာထေရ်

Sayadaw U Tezinda (in his 83rd), now about 87th years old age
He is famous in upper Myanmar as a great monk who has Super-normal Power and knows others thinking of mind.

ဆရာတော် ဦးတေဇိန္ဒသည် မြန်မာပြည်အထက်ပိုင်း၊ စစ်ကိုင်းတိုင်းတွင် သမထဘာဝနာကို အောင်မြင်စွာ ပွားများနိုင်ခဲ့ပြီး ဈာန်ရဘုန်းရှင် ထေရ်အရှင်အဖြစ် ဂုဏ်သတင်းကျော်စောတော်မူသည်။ လက်တွေ့အဖြစ်ဆန်းများလည်း ကြုံတွေ့ဖူးသူများပြားပါသည်။ သူတပါး၏စိတ်အကြံအစည်နှင့် အဖြစ်အပျက်များကို အဝေးနေရာ အချိန်ကာလမဆိုင်း ဟုတ်တိုင်းမှန်စွာ သ

ိမှုတွင် ဒကာဒကာမ များစွာက အလွန်ပင် လက်ခံကြရသည်။ သို့ဖြစ်သည့်အတွက် ချဲအကွက် ရေပန်းစားလှသော ရွှေမြန်မာများသည်လည်း အနံ့ခံကာ ပေါက်ရောက်လာတတ်ကြသည်။ ဆရာတော်သည်ကား ဘုရားရှင်၏ တရားစစ်တရားမှန်ကိုသာ တွင်တွင်ကျယ်ကျယ် ဟောတော်မူလေ့ရှိသည်။ ရတနာသုံးပါးနှင့်စပ်သော စိတ်စေတနာ မပါသွားသူများ ဆရာတော့်ရှေ့မှောက် ရောက်လျှင် အခက်ကြုံရတတ်သည်။ ပြောင်ပြောင်တင်းတင်း ဆိုဆုံးမခြင်း ခံရတတ်သကဲ့သို့ ကိုယ်နှုတ်စိတ် အမူအယာ ကြမ်းတမ်းသူများအနေဖြင့် တောင်ဝှေးရာလည်း အတင်ခံရတတ်သေးသည်။ လိုင်းပေါ်တွင် ဆရာတော်အားကြည်ညိုကြဖူးသူများ ရှိပါသည်။ တောင်ဝှေးရာ ခံနှိပ်ခံရဖူးသူများလည်း ရှိပါသည်။ ဖူးတွေ့ဖူးသူအားလုံးသည် ဆရာတော်အပေါ် သံသယကင်းစွာဖြင့် ကြည်ယုံမြတ်နိုး တန်ဖိုးထားကြသူများချည်းသာ ဖြစ်သည်။ ဆရာတော်၏ ဆိုဆုံးမမှုများအပေါ် အပြစ်တော်မမြင်နိုင်ကြဘဲ ချစ်ကြောက်ရိုသေကြသူချည်းသာ ဖြစ်တော့သည်။ သို့သော် ဒကာဒကာမ များစွာတို့သည် ဆရာတော်၏ ပုံတော်ပွားကို မိမိတို့အနားတွင် ပင့်ဆောင်ဆည်းကပ်ခွင့်မရခဲ့ကြပေ။ ဆရာတော်ကို ဓာတ်ပုံဗွီဒီယို မရိုက်ရဲကြသောကြောင့် ဖြစ်သည်။ တင်ပြပေးလိုက်သောပုံမှာ ကောလင်းမြို့မှ ဓာတ်ပုံဆရာတစ်ဦးက အရဲစွန့်လျှောက်ထားတောင်းပန်၍ ကြောက်ကြောက်နှင့် ရိုက်ခဲ့ရသော ပုံတစ်ပုံ ဖြစ်ပါသည်။ ထပ်မံရိုက်ကူးခဲ့ရသဖြင့် ကြည်လင်ပြတ်သားမှု မရှိခဲ့လျှင်လည်း ဤမျှဖြင့် ကျေနပ်ပေးစေလိုပါသည်။ မဖူးတွေ့ မကြည်ညိုဖူးသူများလည်း စိတ်မနောဖြင့် ကုသိုလ်ပွားနိုင်ရန် အောက်တွင် ဆရာတော်၏ အကြောင်းကို အကျဉ်းဆုံး တင်ပြပေးလိုက်ပါသည်။

ဆရာတော်သည် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် စက္ကဘာတင်ကုတ်ကြီးကျးရွာဇာတိဖွား ဖြစ်သည်။ ငယ်စဉ်အခါက မန္တလေးမြို့ မစိုးရိမ်တိုက်ဟောင်းတွင်(ဆရာတော်ဦးနန္ဒိယ လက်အောက်တွင်) ပညာသင်ကြားခဲ့သည်။ နောက်ပိုင်းတွင် တန့်ဆည်မြို့နယ် ချောင်းဆုံကျေးရွာ ဘိုကုန်းကျောင်းမှာ နှစ်ပေါင်းများစွာ သီတင်းသုံးကာ သာသနာပြုတော်မူခဲ့သည်။ ဆရာတော်သည် မြွေဆိုးကိုက်သည်ကို ဆေးကုသမှုမခံယူဘဲ ရတနာသုံးပါး ဂုဏ်တော်ပွားလျက်သာ (အနုဿတိဘာဝနာဖြင့်) နေခဲ့သောကြောင့် မျက်လုံးတစ်ဖက် အမြင်ချွတ်ယွင်းခဲ့သည်ဟု သိရပါသည်။ ဇာတိရပ်ရွာရှိ ရွာပေါင်းများစွာ အလေးအမြတ်ထားသော သမိုင်းဝင်ရွှေမုဋ္ဌော(မြေစိုက်)စေတီ လုံးဝပြိုကျပျက်စီးသွားချိန်တွင် ချောင်းဆုံဘိုကုန်းကျောင်းကို တပည့်ကြီးများအား လွှဲအပ်ခဲ့ပြီး ဇာတိရပ်ရွာသို့ ပြန်ကြွလာခဲ့သည်။ ပြိုကျပျက်စီးသွားသော စေတီတော်ကြီးအား အသစ်တဖန်အုတ်မြစ်ချတည်ထားရင်းဖြင့် သာသနာပြုလျက်ရှိသည်မှာ ဆယ်နှစ်ခန့်ရှိပေပြီ။ စေတီတော်ကြီးမှာ ယခုထက်တိုင် မပြီးစီးသေး။ အကြောင်းမှာ ဆရာတော်သည် စေတီဝန်းကျင်တွင် ရင်ပြင်မှအစ တန်ဆောင် တံခွန် ရေကန် ဥယျာဉ်များဖြင့် ဘုရားကျောင်းတော်သရုပ်ကို ချဲ့ထွင်ပုံဖော်နေသောကြောင့် ဖြစ်ပါသည်။ ဘုရားဖူး တရားနာ ကြွရောက်လာသူ ဒကာဒကာမအပေါင်းတို့မှာ ကြည်နူးအေးမြမှုများစွာ ဖြစ်နေကြရလေသည်။

Sunday, 26 August 2012

ဒေါက်တာနန္ဒမာလာဘိဝံသ ၏ တရားတော်များ

 ဒေါက်တာနန္ဒမာလာဘိဝံသ ၏ တရားတော်များကို အောက်ပါလင့်အတိုင်း သွားရောက်၍ ဒေါင်းလော့ယူကာ နာယူကြည်ညိုနိုင်ပါသည်။
http://dhammadownload.com/Dr-Nandamalabhivamsa-VideoInMyanmar.htm

Saturday, 25 August 2012

ဝါတွင်းမှာ မင်္ဂလာမဆောင်သည့် ဗုဒ္ဓဘာသာ ထုံတမ်းစဉ်လာ


မြတ်စွာဘုရားရှင်သည် လူတို့အကြား ထိုမျှလောက်ထိ ၀င်ရှုပ်မသွားခဲ့ပါ။ သို့သော် လူတို့သည်ကား မြတ်ဘုရား၏ လုပ်ငန်းစဉ်တိုင်းကို စိတ်ဝင်စားခဲ့ကြသည်။ ဘုရားရှင်၏စကားလုံးတိုင်းကို အဓိပ္ပါယ်ဖော်နိုင်ရန် အနှစ်သာရထုတ်ယူနိုင်ရန် ကြိုးစားခဲ့ကြသည်။ ရဟန်းတို့အတွက် တိုက်ရိုက်လမ်းညွှန်ချက်လာ အနှစ်သာရတစ်ခုသည် ရဟန်းတို့နှင့်သာ သက်ဆိုင်နေလျှင်သော်မှ ``အကျိုးထူးတစ်ခုရှိနိုင်သည်``ဟု လူတို့က သုံးသပ်ကြပေမည်။ သို့အတွက် လူဝတ်ကြောင် တပည့်ဒကာဒကာမများသည် ရဟန်းတို့အတွက်စည်းကမ်းချက်(၀ိနည်း)များမှလည်း လူမှုနယ်ပယ်တွင် အသုံးဝင်မည့် လိုအပ်ရာရာများကို ယူငင်ဖလှယ်ကာ လိုက်နာကျင့်သုံးခဲ့ကြသည်။ ထိုသို့ ကျင့်သုံးခဲ့ကြသော ဓလေ့ထုံးတမ်းပေါ်မှ အယူအဆများသည် လူတို့တရားဥပဒေဘောင်အတွင်းက စည်းမျဉ်းမဟုတ်သော်လည်း ယုံကြည်လေးစား တန်ဖိုးထားမှုနှင့် ဆက်နွယ်နေသဖြင့် ပျက်ပြယ်မှုကင်းစွာ ဆက်လက်တည်ရှိနေခဲ့ဟန် တူပါသည်။

ဘုရားရှင်နည်းနာကို နှစ်သက်စွာဖြင့် တုပလိုက်နာခဲ့သည့် ထုံးတမ်းစဉ်လာများတွင် “၀ါတွင်းချိန်ခါ မင်္ဂလာမဆောင်သင့်“ ဟူသော အယူအဆ တစ်ခုသည်လည်း မြန်မာပြည်မှာ တွင်ကျယ်လာခဲ့ရပေသည်။ မြန်မာပြည်တွင်းမှာသာ မဖြစ်နိုင်ပါ။ အခြား Buddhist Countries များတွင်လည်း ကျင့်သုံးနိုင်သေးသဖြင့် လေ့လာကြည့်သင့်ပါသည်။

ဝါတွင်းကာလသည် မိုးရာသီဖြစ်သည့်အလျောက် ကောက်ပင်ပျိုးချ စီးပွားကာလလည်းဖြစ်သကဲ့သို့ သွားလာရွှေ့ပြောင်းရာတွင် စိတ်ထောင်းကိုယ်ကျေ ဖြစ်ရပေသည်။ ထို့အတွက် ရှေးယခင် လူနေမှုတွင် မိုးရာသီဆိုလျှင် ပွဲသဘင်အခမ်းအနား နှင့် ကုန်စည်ကူးသန်းရေးများ ရပ်ဆိုင်းထားရသည်သာဖြစ်သည်။ ထိုအချက်ကို ကြည့်လျှင် မင်္ဂလာပွဲကို မိုးစိုစိုမှာ မကျင်းပလိုခြင်း၊ အကယ်၍ ကျင်းပလျှင် မတော်တဆ မင်္ဂလာအချိန်အခါမှ မိုးရွာချလိုက်လျှင် အတိတ်နိမိတ်တွေ ဆိုးရွာစွာ ဝေဆာလာနိုင်ခြင်းတို့သည် အန္တရယ်မလိုသည့်အကြောင်းအချက် ဖြစ်ပေမည်။ အချို့ သတို့သား သတို့သမီးတို့မှာ တစ်ရွာတည်းနေ တစ်ရပ်တည်းဆော့ခဲ့ကြသည့် ဒေသတူ မောင်နှံများ မဟုတ်ကြ။ ၄င်းတို့အတွက် စကားလမ်းကြောင်းမှုမှအစ ကိစ္စအ၀၀အတွက် အခက်ရှိနေပါတော့သည်။ ရှေ့ဆောင်လုပ်ကိုင်ပေးမည့်သူများအတွက် ခရီးလမ်းအခက်အခဲ၊ ဧည့်ခံနရာထိုင်ခင်းများအပြင် တစ်ဖက်ရပ်ဝေးလာ ပရိတ်သတ်၏ တည်းခိုရေးများ (ထီး၊ဖိနပ်၊စောင်၊ ခေါင်းအုံး လောက်ငှရေး) စသည်စသည် အခက်အခဲများ စုံလှသည်။ မိုးတွင်းဆို စိုက်ပျိုးချိန်မို့ လိုက်ပါဆောင်ရွက်ပေးမည့်သူ ကိုင်းကျွန်းလယ်ယာ အလုပ်အကိုင် ပျက်မည့်အရေးကိုလည်း ဦးစားပေးစဉ်းစားရပေဦးမည်။

အထက်ပါ အခက်အခဲပေါင်းများစွာကို ထည့်တွက်စဉ်းစားကာ ရှေးBuddhaဘာသာဝင် ပညာရှင်များက ၀ါတွင်းလေးတော့ အောင့်ထားကြဖို့အရေး အပျိုစင် လူပျိုစင် ဆိုသူတို့အား သတိပေးလိုသဖြင့် “ရဟန်းတွေတောင် မသွားဘဲ အောင့်ထားကြသေးတာပဲ“ ဟု ပမာပြုခဲ့ဟန်တူပါသည်။

ယခုခေတ် နေရာအတော်များများ သွားလာရေး မခက်ခဲသော်လည်း တောဆွေရပ်မျိုးများကို အလေးထားသေးသည့် မြန်မာအလေ့ရှိသဖြင့် “၀ါတွင်းကာလ မင်္ဂလာဆောင်ကြ“ ဟု မည်သူကမျှ အားပေးမှု မပြုခဲ့ခြင်း ဖြစ်ပေမည်။ ဆွေမျိုးမိတ်သဟာ ဝေရာ(ရေမြေရပ်ခြား)သို့ ရောက်နေကြသူ မြန်မာလူမျိုးများအနေနှင့်လည်း မြန်မာ့ထုံးတမ်းလေးကို အားနာသောအားဖြင့် အောင့်ထားသင့်ကြပါကြောင်း တစ်စေ့စောင်း ရေးဖော်တတင်ပြအပ်ပါသည်။

Saturday, 21 July 2012

ဒေါင်းနဲ့ခြင်္သေ့ ရွာကိုမွှေ့


မဲရွေးပွဲကာလ ရွာထဲက ရယ်စရာလေးတွေနှင့်အတူ လူတွေကွဲကြရသည့် ဖြစ်ရပ်လေးကို တင်ပြခြင်းဖြစ်ပါသည်။ တစ်ယောက်နှင့် တစ်ယောက် မခေါ်နိုင်မပြောနိုင် မဲအပြိုင်ဆွယ် ရန်တွေတွယ်ခဲ့ကြသည်လေ။ တကယ်ပါပဲ ရယ်စရာပွဲ။ ခြင်္သေ့ကဟောက် ဒေါင်းကခွပ်နဲ့ ရွာထဲဗွက်ထခဲ့သည်။ နိုင်ငံရေးဆိုတာ ဘာမှန်းမသိပေမယ့် လူမှုရေးတွေတော့ မျက်နှာချင်းမဆိုင်နိုင်အောင် ကွဲပြဲခဲ့ကြလေရဲ့။ ခြင်္သေ့ဘက်တော်သားတွေက ဟိန်း၊ ဒေါင်းဘက်တော်သားတွေက အတောင်ဖြန့်ပြနေကြသည်မှာ.....။

ရွာအနောက်ပိုင်းက ကိုသက်...ခြင်္သေ့အင်္ကျီလေးဝတ်ဝတ်ပြီး လမ်းသလားတော့ ဒေါင်းဘက်က အိမ်နီးနားချင်း မနန်းတို့အဖွဲ့ မျက်စိဆန်ပိုးထိုးသလို ခံစားရပြီ။ ဒါနဲ့မပြီးသေး။ အိမ်ရှေ့သွားပြီး ဆဲရေး ကျိန်းမောင်းလိုက်သေး။ "ဟေ့ ငသက် နင့်အဖေတွေမို့လား နင်က၊ နင့်ကို ဆွဲ...ပစ်လိုက်မယ်၊ ပြီးရင် တရားရုံးခေါ် အရော်ယူလိုက်မယ် သိရဲ့လားဟဲ့..." ဒီလိုတွေပေါ့။ ကိုသက်...လည်း ဓားတစ်ချောင်းကိုင် ကိုယ့်မိန်းမကို ကျိန်းသလိုလိုနဲ့ လမ်းပေါ်ထွက် စိန်ခေါ်နေလိုက်တာ တစ်နေကုန်ပါရော့။

ရွာမြောက်ပိုင်းက ကိုကိုစိုး ... အသံချဲ့စက်ဂ်ါလန်ကြီး မိုက်ထိုးပြီး မအေရိုးလိုက်သည်မှာ ညနေခင်း နေ၀င်ရီဆို အချိန်မှန်လို ကြားနေရသည်။ ရွာမြောက်ပိုင်းတစ်နေရာက အဖွဲ့ဝင် ဒေါ်မြ၀င်းကို ခြင်္သေ့ခွေကြည့်ဖို့ပင် အော်ခေါ် ဖိတ်လိုက်သေးသည်။ ဒေါ်မြ၀င်းမှာ နိုင်ငံပါတီအရေးနှင့် ပတ်သက်၍ ဘာဆိုဘာမျှ မသိရှာ။ သို့သော် အပြိုင်အဆိုင်လေးဆိုတော့ သွေးကကြွလာဟန်တူသည်။ မိုက်နဲ့အော်သည်ကို ဗလာချည် ပြန်အော်လိုက်သေးသည် "လာပြီဟေ့ သနပ်ခါးလူးနေလို့" ။
ဒေါ်မြ၀င်း ခြင်္သေ့တံဆိပ်ကို မျက်စိရေးကျသွားရခြင်း အကြောင်းရင်းမှာလည်း စိတ်ဝင်စားစရာ။ ဒေါ်မြ၀င်း ခြင်္သေ့အိမ်တစ်အိမ် အခန့်လေးရှိသဖြင့် သွားသည်ကို ဒေါင်းတွေအမြင်မှာ ဒေါ်မြ၀င်းကြီး ခြင်္သေ့မျိုးဖြစ်သွားသည်တည့်။ ထို့ကြောင့်ပင် အိမ်ဝင်းထဲက ဖဲ့ပေးထားသော ဒေါင်းတစ်အိမ်အသွား အိမ်ကြားဖြတ်လမ်းလေးကို လမ်းပိုင်ရှင် ကိုရွှေဒေါင်းတစ်ပါးက စည်းခတ်ပိတ်လိုက်လေသည်။ ထိုလုပ်ရပ်ကို မကျေနပ်ခြင်းကြောင့် ဒေါ်မြ၀င်း ခြင်္သေ့သွေးဝင်သွားခဲ့ခြင်း ဖြစ်သည်။

ရွာမြောက်ပေါက်အ၀င် ရွယ်လယ်လမ်းမကြီးဘေးရှိ အိမ်တစ်အိမ်မှာ ဒေါင်းဆိုင်းဘုတ် ထောင်လေပြီ။
မနန်းတို့ တစ်သိုက် အင်တိုက်အားတိုက် ပါဝင်ခဲ့ကြသည်။ လာမည့်ပရိတ်သတ်ကို ကျွေးမွေးဖို့ ရက်များစွာ ကြိုတင်ပြင်ဆင်ခဲ့ကြသည်။ ဒေါင်းအဖွဲ့များ လာရောက်သောအခါ အကြိုအပို့များနှင့် စည်ကားနေသည်။ ဆိုက်ကယ်များတွင် ခွပ်ဒေါင်းအလံ တလူလူ၊ လူတွေနဖူးမှာလဲ ဒေါင်းတံဆိပ်နီလေးတွေ ကပ်လို့ကပ်နှင့်။ ရွာနီးချုပ်စပ် ရွာလေးများမှလည်း ဒေါင်းကြိုက်သူများ လာရောက်ကြသလို မလှမ်းမကမ်း မြို့ငယ်လေးများမှလည်း လာရောက်အားပေးခဲ့ကြသည်။

ထိုသို့ မြိုင်မြိုင်ဆိုင်ဆိုင် ဆိုင်းဘုတ်ထောင်ပွဲ ဆင်နွှဲလိုက်သည့်အတွက် ခြင်္သေ့တွေ အသဲနာလာကြသည်။
အင်္ကျီတွေ အပြိုင်ဝတ် ကြိုဆိုပွဲတွေ အခါခါနွှဲကြလေပြီ။ ထမင်းထုပ် ရေ ဝေရပြန်လေပြီ။
ကလေးတွေပါ မနေရ။ ပန်းကိုင် အင်အားပြ ပါဝင်ကြရသည်။ ဘုန်းတော်ကြီးကျောင်းက ယဉ်ကျေးမှုသင်တန်းကို ကြိုဆိုပွဲလောက် အလေးမပေးနိုင်ပြီ။

အရင်ခြင်္သေ့တစ်ဦး တက်လာစဉ်က လမ်းစီမံကိန်းလေးကိုလည်း မက်နေကြရရှာသည်။ ခြင်္သေ့ကလုပ်ပေးသည်ဟု အကြောင်းလေးပြရင်းဖြင့်။ သို့သော် ယခုထိတိုင် လမ်းကောင်းပြီ အသံမကြားရသေးပေ။


ရွာနားကရွာကလေး ရှိသေးတယ်။ မဲပေးတဲ့နေ့က။ ဒေါင်းတွေပဲ ထည့်တာများတယ်ဟု သံသယ၀င်သည်နှင့် လမ်းခင်းပေးလျက်တန်းလန်း စက်တွေပြန်ရုပ်သိမ်းသွားခဲ့လေသည်။ ညောင်သွယ်ရွာ တစ်ရွာလုံး ထိုမဲပေးသည့်နေ့မှာပင် ကိုယ့်အားကိုကိုးကာ ကိုယ်ထူကိုယ်ထ လမ်းထွက်ခင်းလိုက်ကြသည်ဆို၏။

သည့်အပြင် မဲပေးစာရင်းမှာ သူ့နာမည်မပါလာသည့် ကိုတင်မာ ရွာလယ်လမ်းမကြီးမှာ ဆိုက်ကယ်တစ်စီးနှင့် သောင်းကျန်းနေခဲ့လေသည်။ ဟုတ်ပေမည်.... တစ်ချို့ ကလေးပေါက်စလေးတွေ နာမည်ကျ ပါနေပြန်သေးတော့ သောင်းကျန်းချင်မည်ပေါ့။

တစ်ချို့ ခပ်နောက်နောက် လူငယ်လေးတွေကလဲ ရွဲ့ကြသည်။ ခြင်္သေ့နဲ့ဒေါင်း မထည့်ဘဲ ကျန်တာတွေကို အရွဲ့ထည့်ကြသည်။ "ဒို့လဲ ရွာမှာ တစ်ပါတီ ဆိုင်းဘုတ်ထောင်မယ်ကွာ" လို့ ပျက်ရယ်ပြုပြီး မဲခြစ်ထည့်ခဲ့ကြသည်ဟု သိရသည်။

မဲတောင်းခံတဲ့ခေါင်းဆောင်တွေ ဘယ်လိုနေမည်မသိ။ မဲနိုင်သည့် ခေါင်းဆောင်များလည်း ပျော်နေကြပေမည်။ သို့ပေသော်လည်း ဦးဇင်းတို့ ရွာကလေးမှာတော့ အခုထိ မခေါ်နိုင်မပြောနိုင် ဖြစ်နေခဲ့ကြပြီ။ ပါတီကွဲသည်နှင့် ရွာလူတွေမကွဲဖို့ တတ်နိုင်သလောက် ပြောပြခဲ့ပေမယ့် ......

ပါတီကိုသာခွဲပါ လူတွေကိုမခွဲကြပါနဲ့ ဟုသာ တင်ပြချင်ပါသည်။